မြောက်ဦးခရိုင် အ.ထ.က(ခွဲ) (အ.လ.က-၁) ကျောင်း၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

မြောက်ဦး  အောက်တိုဘာ ၁၂

ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဦးစီးသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက ပြင်ဈေးရပ်ကွက် အ.ထ.က(ခွဲ) (အ.လ.က-၁) ကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ဇော်ဝင်းက သစ်တောပြုန်းတီးခြင်းနှင့် ဇီဝမျိုးတုန်းပျောက်ကွယ်ခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောရာတွင် သစ်ပင်များ ခုတ်လှဲခြင်း၊ လယ်ယာမြေများဖော်ဆောင်ရန် ရှင်းလင်းခြင်း၊ မြို့ပြနှင့် အဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး (သို့မဟုတ်) သတ္တုတူးဖော်ခြင်းများအတွက် သစ်ပင်များ ခုတ်ထွင်ရှင်းလင်းတို့သည် သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ်စေသည့်အတွက် ကျောင်းသား၊ ကျောင်းသူများက မိမိတို့နေထိုင်ရာပတ်ဝန်းကျင်တွင် သစ်ပင်များစိုက်ပျိုးကြရန်နှင့် ဇီဝမျိုးတုံးခြင်းကြောင့် ကုန်းမြေ၊ ပင်လယ်နှင့်အခြားရေဂေဟစနစ်များ၊ ပတ်ဝန်းကျင်ယိုယွင်းခြင်း၊ ရာသီဥတုပြောင်းလဲခြင်းတို့ကို ကမ္ဘာပေါ်ရှိလူသားတိုင်းမှ အတူလက်တွဲပြီး အောင်မြင်ကျော်လွှားနိုင်ရန်လိုအပ်ကြောင်းဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

အသိပညာဟောပြောပွဲသို့ ကျောင်းသား၊ကျောင်းသူ (၁၂၀) ဦးခန့်တက်ရောက်ကြပြီး  ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်တတ်ခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ထိန်းသိမ်းတတ်စေရန်အတွက် အသိပညာပေးဟောပြောခြင်း၊ လက် ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

မြင့်စိုး(ပြန်/ဆက်)