မြင်းခြံမြို့တွင် HPV ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်းလုပ်ငန်း မြို့နယ်အဆင့် ဖွင့်ပွဲအခမ်းအနား ပြုလုပ်

မြင်းခြံ အောက်တိုဘာ ၂၀


မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် HPV ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေး ထိုးအစီအစဉ်တွင် စတင်ထည့် သွင်းထိုးနှံခြင်းလုပ်ငန်း မြို့နယ်အဆင့် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်း၌ HPV ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း အစီအစဉ်/အခမ်းအနားတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပေးပို့သည့် အဖွင့်မိန့်ခွန်း တိုက်ရိုက်ထုတ်လွင့်မှုကို ကြည့်ရှုခဲ့ကြသည်။ ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ ခရိုင် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာအုပ်စိုးနှင့် တာဝန်ရှိသူများက HPV ကာကွယ်ဆေးကို ပုံမှန် ကာကွယ်ဆေး ထိုးအစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်းလုပ်ငန်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် အသက် (၉) နှစ်မှ (၁၀)နှစ်အတွင်း အမျိုးသမီးငယ် (၁၀) ဦးအား HPV ကာကွယ်ဆေးထိုးခြင်းကို လုပ်ဆောင်ခဲ့ကြပြီး တာဝန်ရှိသူများက ကြည့်ရှုကာ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
မြင်းခြံမြို့နယ်အတွင်း အသက် (၉) နှစ်မှ (၁၀) နှစ်အတွင်း HPV ကာကွယ်ဆေးထိုး ခြင်းလုပ်ငန်းကို အောက်တိုဘာလ ၂၁ ရက်နေ့တွင် စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)