ချောင်းဆုံ အောက်တိုဘာ ၁၃
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ဒေသခံများ စနစ်ကျသော လူမှုဘဝဖော်ဆောင်နိုင်ရေး အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက ကျွန်းသာယာခန်းမတွင် ကျင်းခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း က မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက် နည်းပါးစေရန်နှင့် ဒေသတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက် ဒေသတွင်း အသက်မွေးမှုပညာ သင်တန်းများပို့ချပေးခြင်းနှင့် အသေးစားလုပ်ငန်းများ ထူထောင်နိုင်ရေး ထောက်ပံ့ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေးကဏ္ဍအတွက် လိုအပ်သည်များကို ထောက်ပံ့ပေး လျက်ရှိရာ လျာထားချက်များအတိုင်း စိုက်ပျိုးနိုင်ရေး ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ မွန်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ မွန်ပြည်နယ်စီးပွားရေးရာ ဝန်ကြီး နိုင်လယိတမ၊ မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်၊ မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးမျိုးဆွေ၊ မွန်ပြည်နယ်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး ဦးတိုးဝင်းတို့မှ ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပညာရေး၊ ကျန်းမာရေး၊ လယ်ယာကဏ္ဍ တူးမြောင်းလမ်းတံတား၊ လျှပ်စစ်ကဏ္ဍလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် တင်ပြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးနှင့် ပြည်နယ်အဆင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပေါင်းစပ်းပေးခဲ့ပြီး ပြည်နယ် ဥပဒေချုပ်က ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ဥပဒေနှင့်ပတ်သက်သည့် လေ့လာမှတ်သားရန် ဥပဒေစာအုပ်များကို ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)