မိုးညှင်း အောက်တိုဘာ ၁၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးရွာများတွင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးအသင်းနှင့် ဒေသခံတောင်သူများမှ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က ပြည်နယ်အစိုးရအဖွဲ့မှ မိုးညှင်းခရိုင်အတွင်း၌ ဆီထွက်နှုန်း တိုးတက်မြင့်မားစေရေးအတွက် ဒေသခံတောင်သူများအား ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးဆောင်ရွက်နိုင်ရေး တွန်းအားပေးဆောင်ရွက်သွားရန် လမ်းညွှန်မှာကြား ထားရှိကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် ဆီထွက်နှုန်း တိုးတက်မြင့်မားလာစေရေးအတွက် ဆီထွက်သီးနှံများဖြစ်သည့် နေကြာ၊ နှမ်း၊ မြေပဲစသည့် သီးနှံများကို စိုက်ပျိုးလုပ်ကိုင် ဆောင်ရွက် ကြရန်နှင့် တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တောင်သူကိုယ်စားလှယ်များ အနေဖြင့် ဒေသခံတောင်သူများအား ဆီထွက်သီးနှံများ စိုက်ပျိုးလုပ်ကိုင်စေရေးအတွက် တိုက်တွန်း နှိုးဆော်ပေး ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တောင်သူကိုယ်စားလှယ်များက ကျေးရွာများ အလိုက် တောင်သူများ၏ လိုအပ်ချက်များဖြစ်သော ကုန်ထုတ်လမ်း၊ တံတား၊ စက်ရေတွင်း၊ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးနည်းစနစ်များကို အသီးသီး ဆွေးနွေးတင်ပြကြရာ အဆိုပါ ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာ ခရိုင်/မြို့နယ်တာဝန်ရှိသူ များက ပြန်လည်ဖြည့်စွက် ဆွေးနွေးပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း