မိုင်းယောင်း အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်း က အိတ်ချ်ပီဗီကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်းခြင်းနှင့် ပတ်သက်၍ မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ချ်ပီဗီ ကာကွယ်ဆေး (Human Papillomavirus Vaccine-HPV) စတင်ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့် ဖွင့်ပွဲအခမ်းအနားကို Virtual စနစ်ဖြင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မင်းသိန်းနှင့် တက်ရောက်လာသူများက ကြည့်ရှုခဲ့ကြသည်။
ယင်းနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းက (Human Papillomavirus Vaccine-HPV) ပိုးနှင့် အိတ်ချ်ပီဗီပိုးကြောင့် ဖြစ်ပွားသော သားအိမ်ခေါင်းကင်ဆာ အကြောင်း သိကောင်းစရာများနှင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုအခြေအနေကို Projector ဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ကျန်းမာရေးမှူး ဦးမြတ်စိုးအောင် က မြို့နယ်အတွင်း ကာကွယ်ဆေးထိုးမည့် နေ့ရက်၊ အချိန်၊ နေရာ၊ စုရပ် စသည့် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း တို့က ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း အစီအစဉ်နှင့် ပတ်သက်၍ မြို့နယ်အတွင်း အောင်မြင်စွာ ထိုးနှံနိုင်ရေးအတွက် အသီးသီး ဖြည့်စွက်အကြံပြု ဆွေးနွေးခဲ့ကြသည်။
စိုင်းအောင်ဇော်လင်း