နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ်၊ ကြက်သွန်ခင်းကျေးရွာတွင် ပလွေးချောင်းရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကာ လူနေအိမ် လေးလုံး ရွှေ့ပြောင်းခဲ့သည့် ပြည်သူများအား သွားရောက်၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်

နေပြည်တော် အောက်တိုဘာ ၁၃

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့ ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ကူသပိတ်ကျေးရွာအုပ်စု၊ ကြက်သွန်ခင်းကျေးရွာ၌ အောက်တိုဘာ ၁၀ ရက်နေ့ ညပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး  ပလွေးချောင်းရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကာ လူနေအိမ် လေးလုံး ရွှေ့ပြောင်းနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုရာတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပလွေးချောင်းရေ တိုက်စားမှုနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားပြီး ပလွေးချောင်းရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုမှုအတွက် ယာယီမြေထိန်းနံရံ ဆောင်ရွက်ရန်အတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် ပလွေးချောင်းရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကာ ရွှေ့ပြောင်းခဲ့ရသည့် လူနေအိမ် လေးလုံးအတွက် တစ်အိမ်လျှင် ဆန် ၂၄ ပြည်အိတ် တစ်အိတ်၊  ဆီ ငါးပိဿာတစ်ပုံးနှင့် ခေါက်ဆွဲခြောက်ထုပ်  တစ်ဖာနှုန်း ထောက်ပံ့ပေးအပ်ပြီး နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့သည့် တစ်အိမ်လျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ငွေကျပ် လေးသိန်း၊ လူ၂၂ဦး အတွက် တစ်ဦးလျှင်ဆန်ရိက္ခာဖိုး ၂၁၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် ၄၆၂၀၀ ကျပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)