မဟာအောင်မြေ အောက်တိုဘာ ၁၂
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့်ရတနာပုံဘဏ်တို့စီမံဆောင်ရွက်လျှက်ရှိသော Mandalay Smart Pay(MSP)စနစ်ဖြင့် အခွန်အခများပေးဆောင်ခြင်းကိစ္စများအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယမန်နေ့ညနေ(၃)နာရီအချိန်က မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီရုံး၊ အခွန်ဌာန၊ ရေခွန်ဌာနခွဲရုံးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ အခွန်ဌာန ဌာနမှုးဦးစိုးမိုးသိမ်း၊ ဒုတိယဌာနမှုးဦးရဲထွန်း၊ ဘဏ္ဍာရေးဌာန ဒုတိယ ဌာနမှူးဒေါ်တင်စန်းရီ၊ ရတနာပုံဘဏ်လီမိတက် CEOဒေါ်မိုးဆန်းဦး၊ စီမံရေးရာဌာန၊ ကွန်ပျူတာ ဌာနခွဲမှူး ဦးနေလင်းထက်၊ ရေခွန်ဌာနခွဲဌာနခွဲမှူး ဦးထွန်းလင်းစိုး၊ စစ်ဆေးရေးဌာန ဌာနခွဲမှူး ဒေါ်ယဥ်ယဥ်အေး၊ အခွန်ဌာနစုမှူးများ၊ အခွန်ကောက်ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အခွန်ဌာန ဌာနမှူးက အဖွင့်အမှာစကားပြောကြားပြီး ဘဏ္ဍာရေးဒုတိယဌာနမှူးက ကော်မတီ၏ ငွေစာရင်းဆိုင်ရာများရှင်းလင်းပြောကြား၍ ရတနာပုံဘဏ်မှ CEO က Mandalay Smart Pay (MSP)နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြပြီးနောက် Mandalay Smart Pay (MSP)နှင့် ပတ်သက်၍ အသုံးပြုမှုများနှင့် အသေးစိတ်အချက်အလက်များကို ရတနာပုံဘဏ် လီမိတက်မှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသူများက သိလိုအပ်သည် များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် အခွန်ကောက်ဝန်ထမ်းများ အခွန်ကောက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် အခွန်ဌာနနှင့် ရတနာပုံဘဏ်လီမိတက်တို့ ပူးပေါင်း၍ Mandalay Smart Pay (MSP) အသုံးပြု၍ အခွန်အခများ ပေးဆောင်ရာ၌ စမတ်ဖုန်းအသုံးပြုရာတွင် စမတ်ဖုန်းလိုအပ်သည့် အခွန်ကောက် ဝန်ထမ်းများကို ဌာနထောက်ခံချက်ဖြင့် ရတနာပုံဘဏ်ကအရစ်ကျငွေသွင်းစနစ်ဖြင့် ဝယ်ယူရရှိနိုင်အောင် ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း