မြင်းခြံမြို့တွင် စက်မှု၊ စက်ပျိုး၊ မွေးမြူရေး အတတ်ပညာဆိုင်ရာ သင်ယူမှုအခွင့်အလမ်းများ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မြင်းခြံ အောက်တိုဘာ ၁၂

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် အလယ်တန်းအဆင့် (Grade-9) ပြီးမြောက် အောင်မြင်သော ကျောင်းသား/ကျောင်းသူများ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အတတ်ပညာဆိုင်ရာ သင်ယူမှု အခွင့်အလမ်းများ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က မြင်းခြံမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဦးအုန်းလှိုင်က စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများ ဖွင့်လှစ်ရန် နိုင်ငံတော်မှမူဝါဒချမှတ်၍ ရေရှည်လုပ်ငန်းစီမံချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ခရိုင်ရုံးစိုက်ရာ ခရိုင်မြို့များရှိ အထက်တန်းကျောင်းများတွင် ဖွင့်လှစ်ရန် သတ်မှတ်ပေးခဲ့ပါကြောင်း၊ မိမိတို့ မြင်းခြံမြို့တွင်လည်း လာမည့်ပညာသင်နှစ်တွင် စတင်၍ စာသင်ကြားနိုင်ရေးအတွက် ကျောင်းအဆောက်အဦကို ပြီးမြောက်အောင် ဆောက်လုပ်ရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်နိုင်ငံဖြစ်သည့်အတွက် လူသားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် အလယ်တန်းအဆင့်အောင်ကျောင်းသား/သူများအတွက် အလုပ် အကိုင်အခွင့်အလမ်းများလည်း ရရှိစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ပေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်အခြေခံပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမြင့်ချိုက နည်းလမ်း (၄) သွယ်အား ရှင်းလင်းပြောကြားခြင်း၊ အမှတ် (၆) စက်မှု သင်တန်းကျောင်း ကျောင်းအုပ် ဆရာကြီး ဦးမျိုးကိုကိုက စက်မှုနည်းပညာများအကြောင်း ရှင်းလင်း ပြောကြားခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချစ်ကိုကိုက စိုက်ပျိုးရေး နည်းပညာများအကြောင်း ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒေါက်တာ အောင်ခိုင်ထွေးက မွေးမြူရေးနှင့်ကုသရေးအကြောင်းများကို အသီးသီး ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ရပ်မိရပ်ဖများ၊ ကျောင်းသား/ ကျောင်းသူ မိဘများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ခရိုင်ပညာရေးမှူး ဦးအုန်းလှိုင်၊ အမှတ် (၆) စက်မှု သင်တန်းကျောင်းမှ ကျောင်းဆရာကြီး၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းချို၊ မြင်းခြံမြို့နယ်အတွင်းရှိ အလယ်တန်း၊ အထက်တန်းကျောင်းများမှ ကျောင်းအုပ် ဆရာ/ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)