ချမ်းမြသာစည် အောက်တိုဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် အမှတ်(၃၄) အခြေခံပညာအထက်တန်းကျောင်းရှိ နန်းကေသီခန်းမ၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြုနိုင်သော ကျောင်းသား၊ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကိုပြောကြား၍ လူငယ်များ အသိပညာ၊အတတ်ပညာနှင့် လူ့ကျင့်ဝတ်တန်ဖိုးမြှင့်တင်ပေးရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြောစွမ်းရည်များတိုးတက်လာစေရန် လူငယ်စကားဝိုင်းများကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ဦးဆောင် ဆွေးနွေးခဲ့ပြီး Grade – 10 ကျောင်းသူ မမြတ်သဲအူက “မူးယစ်ဆေးဝါးဆိုသည်မှာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade – 10 ကျောင်းသား မောင်ညီမြတ်သူက “မူးယစ်ဆေးဝါးတိုက်ဖျက်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade – 10 ကျောင်းသူ မမေမြတ်နိုးဖြူက မိဘများအတွက် မူးယစ်ဆေးစွဲခြင်းဆိုင်ရာ အသိပညာများနှင့် ဆောင်ရန်ရှောင်ရန်အချက်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade –10 ကျောင်း သား မောင်ထက်အာကာက “မူးယစ်ဆေးစွဲခြင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံရေးဆိုင်ရာ အကြောင်းအရာများ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသားကျောင်းသူများကလည်း ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ လူငယ်စကားဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်း၊ အမှတ်(၃၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ချမ်း/စည်)