ညောင်ဦး အောက်တိုဘာ ၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ဝိနည်းဓိုလ်ဂူ ဘုရားအတွင်းရှိ ထိုင်တော်မူဆင်းတုတော်ကိုဖူးမြှော်ပြီး ဂူဘုရားမျက်နှာကျက်ပေါ်နှင့် နံရံများပေါ်ရေးဆွဲထားသည့် ဗုဒ္ဓပုံပန်းချီကွက်များနှင့်ဗုဒ္ဓဝင်ဆိုင်ရာပန်းချီများကိုလေ့လာနိုင် ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)တာဝန်ရှိသူများထံက သိရသည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ဝိနည်းဓိုလ်ဂူဘုရားသည် ကျောက်ပန်းတောင်း- ညောင်ဦးသွားကာလမ်း ပုဂံ-ညောင်ဦးလေဆိပ်လမ်းဆုံမှ ရှင်အဇ္ဇဂေါဏဘုရားအနောက် ဘက်တွင်တည်ရှိပြီး ဂူဘုရားအတွင်းတွင် မူလဆေးရောင်များကျန်ရှိသေးသော ပုဂံခေတ် ပန်းချီအမျိုးမျိုးကို ဂူဘုရားအတွင်းလေ့လာတွေ့ရှိနိုင်သည်။ ရှေ့ဘက်ဆောင်အလယ်တွင် သက္ကရာဇ် ၆၀၅ ခုနှစ်ကရေးထိုးထားသည့် ကျောက်စာတစ်ချပ်ရှိကာ ထိုကျောက်စာတွင် တကာကြီးနှမ မင်းမိန်းမနှင့်မင်းဥစ္စနာဦးရီး သံပျင်သမန္တကုံတံလင်းမယားတို့က ဖုန်းမြတ်သဝိနည်းဓိုလ်၏ ကျောင်းတောင်ထောင့်၌ အရပ်အသီးသီးပြု၍ ဂူဘုရားပိဋကတ် တရား အိမ်၊ ဓမ္မသာလာ၊ ကျောင်း ၊စင်္ကြန်၊ တံတိုင်းတို့ကိုလည်းကောင်း၊ တံတိုင်းတစ်ထပ်အတွင်း စာသင်ကျောင်းနှစ်ဆယ် တည်ထားလှူဒါန်းခဲ့ကြောင်း၊ သခင်ဝိနည်းဓိုလ်၏ ကျောင်းနေရာမှာ ကျောက်စာအရ ဂူဘုရား၏မြောက်ဘက်တွင်ရှိကြောင်းလေ့လာသိရှိနိုင်သည်။
ဂူဘုရားအတွင်း ဆင်းတုတော်၏ ရှေ့ဘက်မျက်နှာကျက်နှင့်နံရံများပေါ်တွင် ဇာတ်ကွက်များနှင့် ပန်းတန်းများ၊ ပန်းချီတို့ဖြင့်လည်းကောင်း၊ အတွင်းဆောင်နံရံများတွင်လည်း ဗုဒ္ဓပုံနံရံပန်းချီအကွက်များ၊ ဗုဒ္ဓဝင်ဆိုင်ရာအကြောင်းအရာများကို ကမ္ဗည်းစာအချို့နှင့်တ ကွလေ့လာတွေ့ရှိနိုင်သည်။ တန်ဆာဆင်ရေးဆွဲထားသော နတ်ပုံ၊ ပန်းပုံတို့မှာလည်း အများအပြားကျန်ရှိနေပြီး နီလွင်သောဆေးရောင်များ တောက်ပစွာကျန်ရှိနေသေးပြီး ဂူဘုရားအတွင်းရှိ အချို့သောနံရံပန်းချီများမှအထူးကောင်းမွန်လှသည်ကိုလေ့လာနိုင်မည် ဖြစ်သည်။
ဝိနည်းဓိုလ်ဂူဘုရား၏ မြောက်ဘက်တွင် ဝိနည်းဓိုလ်အစုဂူဘုရားများ၊ အရှေ့ဘက်တွင် ရှင်အဇ္ဇဂေါဏဘုရား၊ တောင်ဘက်တွင် ဘုရားသုံးဆူ၊ လေးမျက်နှာဘုရား၊ နရသီဟပတေ့ဘုရား၊ အနောက်ဘက်တွင် မလာဖြစ်ဘုရား၊ မလုံးဖြစ်ဘုရားတို့ကို တဆက်တစပ် တည်းလေ့လာဖူးမြော်နိုင်ကြောင်းသိရသည်။
ဒီပါလင်း