ဟိုပုံး အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်မှ ပုံမှန်ကာကွယ်ဆေး ထိုးအစီအစဉ်တွင် အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဗဟိုအဆင့်အခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အဖွင့်မိန့်ခွန်း နှင့် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ မြင့်ထွေး ၏ အမှာစကားတို့ကို Projector ဖြင့်ဖွင့်လှစ်ပြသသည်။ ထို့နောက် မိခင်နှင့်ကလေးကျန်း မာရေးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်အိအိဖြိုးဝေ က မိန်းကလေး(၁၀)ဦးအား ကာကွယ်ဆေး လက်တွေ့သရုပ်ပြ ထိုးနှံပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မောင်မောင်သိန်းနှင့် ကျန်းမာရေး၀န်ထမ်းများ၊ မြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်နှင့် အဖွဲ့ဝင်များ၊ အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေး ထိုးနှံရန်လာရောက်သော ကလေးနှင့်မိဘများ တက်ရောက်ခဲ့ကြပြီး ကကွယ်ဆေး ထိုးနှံပြီးသော ကလေး(၁၀)ဦးအား အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အိတ်ချ်ပီဗီ (HPV)ကာကွယ်ဆေးကို ယနေ့မှစတင်ပြီး ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ထိုးနှံသွား မည်ဖြစ်ကြောင်း၊ အသက်ကိုးနှစ်မှ ဆယ်နှစ်ထိမိန်းကလေးများ၊ (၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ တစ်ရက်နေ့မှ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၃၁ အတွင်း မွေးဖွားသော မိန်းကလေးများ) ဟိုပုံးမြို့နယ်အတွင်း အသက်ကိုးနှစ်မှ ဆယ်နှစ်ထိ မိန်းကလေး ၁၃၇၃ ဦးကို ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
နေမင်းထွန်း(ဟိုပုံး)