ကျောက်ဖြူ အောက်တိုဘာ ၆
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်ရှိ သဇင်တန်ပေါက်တံတားအနီး ချောင်းအတွင်းတွင် ဝါးဖောင်များဖြင့် စီးပွားဖြစ်မွေးမြူလျက်ရှိသော ကယု-ကမာနှင့် ကျောက်ငါး မွေးမြူရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းပြီး ယခုအခါ ၎င်းပင်လယ်စာ ရေထွက်ကုန်အား ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးတင်ပို့ ရောင်းချလျက်ရှိကြောင်း မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။
“ကျွန်တော်တို့က ကယု-ကမာနဲ့ ကျောက်ငါး မွေးမြူရေးလုပ်ငန်းကို ၂၀၁၈/၂၀၁၉ ခုနှစ် လောက်က စပြီးတော့မွေးဖြစ်တာပေါ့၊ အဓိကလုပ်ကိုင်နေတဲ့ ရေလုပ်ငန်းကတော့ (၆) မျိုးလောက်ရှိတယ်၊ ဝယ်ရောင်းအနေနဲ့ ကျောက်ပုဇွန်၊ ကင်းပုဇွန်နှင့် ကဏန်းပျော့ကို လုပ်ကိုင်ပါတယ်၊ ကဏန်း ပျော့ကိုတော့ ကိုယ့်ဆီမှာ ၄၅ ရက်မွေးမြူထားရတယ်၊ ပြီးမှ ကျောက်ဖြူက အအေးခန်းစက်ရုံတွေကို သွားသွင်းပါတယ်၊ ကယု-ကမာနဲ့ ကျောက်ငါးကို မွေးထားပြီးတော့ ရောင်းတန်းဝင်အရွယ်ရှိလာခါ ရန်ကုန်နဲ့ ငပလီတို့မှာရှိတဲ့ ဟိုတယ်ကြီး တွေ၊ စားသောက်ဆိုင်တွေနှင့် ရေလုပ်ငန်းကုန်စည်ဒိုင် ဈေးကွက်တွေကို အဓိကထားပို့ပါတယ်ခင်ဗျ” ဟု ကယု ကမာမွေးမြူရေးနှင့် ရေလုပ်ငန်း လုပ်ကိုင်နေသည့် MSME အသင်းဝင် ဦးခင်အေးမောင်က ပြောကြားသည်။
ကယု-ကမာမွေးမြူရာတွင် မွေးမြူနည်း(၂)မျိုးဖြင့် မွေးမြူထားရှိကြောင်း၊ မိုခါမုန်တိုင်းတွင် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း၊ ဒါပေမယ့်လည်း လုပ်ငန်းများရပ်တန့်မနေဘဲ ဆက်လက်ရပ်တည်နိုင်အောင် လှုပ်ရှားနေကြောင်း ၎င်းမှပြောသည်။
“ကျွန်တော်တို့ ဒီကယု-ကမာ ကိုမွေးမြူရာမှာ ကမာသားပေါက်ကောင်လေးတွေကို ဒေသခံတွေဆီက ဝယ်ယူပြီးမွေးမြူတာတွေ၊ ကိုယ်တိုင်ထုတ်လုပ်ပြီးမွေးမြူတာတွေဆိုပြီးတော့ မွေးမြူနည်း(၂)မျိုးနဲ့ မွေးမြူထားရှိပါတယ်၊ ကိုယ်တိုင်ထုတ်လုပ်ပြီးမွေးမြူတဲ့ ကမာတွေကျတော့ ကမာသားပေါက်လေးတွေရှိ နေမယ်ထင်ရတဲ့နေရာတွေကို ခန့်မှန်းပြီးတော့မှ ပလတ်စတစ်ခြင်း၊ ကော်ဘူး၊ သံထည်စတဲ့ စွန့်ပစ်ပစ္စည်းတွေကို ကြိုးတွေနဲ့ချည်ပြီး ဝါးဖောင်တွေနဲ့တွဲလို့ ချထားပေးတယ်၊ လေးလလောက်ကြာရင် သူတို့တွေ အဲ့စွန့်ပစ်ပစ္စည်းတွေမှာလာကပ်တယ်၊ ဒီလိုလာကပ်တဲ့သားပေါက်တွေကို ပြန်ခွာပြီးတော့ ဘိလပ်မြေအတုံး လေးတွေနဲ့တွဲပြီး ရေထဲမှာပြန်ချထားပေးတယ်၊ ရောင်းတန်းဝင်အရွယ် ကမာတွေရရှိလာတဲ့အခါမှ ဈေးကွက် အတွင်းကိုပို့ပြီးရောင်းချပါတယ်၊ ပြောရမယ်ဆိုရင် အခုနှစ် မိုခါမုန်တိုင်းမှာ ကျွန်တော် သိန်းငါးဆယ်လောက် ဆုံးရှုံးမှုရှိခဲ့ပါတယ်၊ မိုခါမုန်တိုင်းမှာ အနောက်တောင်လေတိုက်တော့ ရေစီးသန်လာတာကြောင့် ဖောင်တွေကျိုးပြီး ပျက်ထွက်သွားတယ်၊ အဲဒီမှာ ကျွန်တော်မွေးမြူထားတဲ့ ကမာကောင်တွေတော်တော်များများ ပါသွားတယ်၊ အခုကာလပေါက်ဈေးနဲ့ဆိုရင် သိန်း ၂၀၀၊ ၃၀၀ ဖိုးလောက်ဖြစ်နေပြီ၊ MSME အသင်းဝင် တစ်ယောက်အနေနဲ့ နိုင်ငံတော်မှ တစ်ဖက်တစ်လမ်း ငွေကြေးအကူအညီရခဲ့ရင် အတိုင်းမသိဝမ်းသာမိမှာပါ၊ ကျွန်တော်လုပ်ငန်းမှာ အလုပ်သမား ၄၀ ကျော်ရှိပါတယ် အနီးအနားကျေးရွာတွေက လာရောက်လုပ်ကိုင်ကြပါတယ်။ ခုလိုလုပ်ငန်းရှိတော့ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိတာပေါ့၊ ဒါကြောင့် ကျွန်တော်တို့လို လုပ်ငန်းရှင်တွေအများကြီး လိုအပ်ပါတယ်၊ ဒါမှလည်း ကိုယ်ပြည်တွင်း အလုပ်အကိုင်တွေမှာ လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
ကယု-ကမာ၊ ကျောက်ငါးနှင့် ကဏန်းပျော့ မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်၍ စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ညိုညိုမြင့်က “ကျောက်ဖြူခရိုင်အတွင်း MSME လုပ်ငန်း ၁၆၁ ခုရှိကြောင်း၊ ဌာနအနေဖြင့် MSME လုပ်ငန်းများတိုးတက်စေရန် ဒေသအတွင်းတွင်ဖြစ်စေ နိုင်ငံအတွင်းတွင်ဖြစ်စေ ကျောက်ဖြူခရိုင်အတွင်းမှ လုပ်ငန်းရှင်များ ပါဝင်ပြီးပြသနိုင်ရန် စီစဉ်ချိတ်ဆက်ပေးကြောင်းနှင့် ဦးခင်အေးမောင်၏ ကယု-ကမာ၊ ကျောက်ငါးနှင့် ကဏန်းပျော့မွေးမြူရေးလုပ်ငန်းသည်လည်း MSME လုပ်ငန်းတွင် တစ်ခုအပါဝင်ဖြစ်ပြီး ၎င်းလုပ်ငန်းမှာ စွန့်ဦးတီထွင်လုပ်ငန်းဖြစ်ကြောင်း” ပြောကြားသည်။
ကယု-ကမာများသည် ရောင်းတန်းဝင်အရွယ်သို့ ရောက်သောအခါ တစ်လုံးကို ကျပ် ၁၅၀၀ မှ ကျပ် ၂၅၀၀ အထိရရှိကြောင်း၊ ကဏန်းပျော့မှာ တစ်ကီလိုလျှင် ကျပ် ၁၄၅၀၀ ၊ တစ်ကီလိုအောက်ဆိုလျှင် ကျပ် ၄၀၀၀ မှ ကျပ် ၁၃၀၀၀ အထိ ဈေးအစားစားရှိကြောင်း၊ ကျောက်ပုဇွန်နှင့် ကင်းပုဇွန်ဆိုလျှင် ကျပ် ၁၅၀၀၀၀ ရှိပြီး ကျောက်ငါးဈေးမှာ တစ်ကီလိုတစ်ကောင်လျှင် ကျပ် ၆၅၀၀၀ မှ ကျပ် ၇၀၀၀၀ အထိရရှိပြီး ဝယ်လိုအား အပေါ်လိုက်၍ ဈေးနှုန်းအပြောင်းလဲတွေရှိနိုင်ကြောင်း အဆိုပါလုပ်ငန်းလုပ်ကိုင်နေသူထံမှ သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)