မြစ်သားမြို့နယ်၌ မြန်မာ့ရိုးရာ (ဆဌမကြိမ်) မြောက် လှေဦးတိုက်ပွဲ လှေလှော်ပြိုင်ပွဲကျင်းပ

မြစ်သား      အောက်တိုဘာ    ၆

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ မြန်မာ့ရိုးရာ (ဆဋ္ဌမကြိမ်) မြောက် လှေဦးတိုက်ပွဲလှေလှော်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ရေကာရှမ်းဘုရားသုံးဆူအနီး ပန်းလောင်မြစ်တွင်ကျင်းပကြောင်း သိရသည်။

မြန်မာ့ရိုးရာ လှေဦးတိုက်ပွဲ လှေလှော်ပြိုင်ပွဲကို အောက်တိုဘာလ(၆)နေ့တွင် စတင်ကျင်းပပြုလုပ်ပြီး ပြိုင်ပွဲကို အောက်တိုဘာလ(၇)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ပထမဆု(၁)သိန်းကျပ်၊ ဒုတိယဆု(၇)သောင်းငါးထောင်ကျပ်၊ တတိယဆု(၆)သောင်းကျပ်၊ စတုတ္ထဆု(၄)သောင်းကျပ်ဂုဏ်ပြုဆုငွေနှင့် တစ်ဦးချင်းဆုတံဆိပ်တွေကိုပါ ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ယှဉ်ပြိုင်ကြမည့် အသင်းမှာအသဲလေးရေခဲအသင်း၊ တွေ့မရှောင်အသင်း၊ မဟူလေပွေအသင်း၊ ရတနာဝင်း(၁)အသင်း၊ ရတနာဝင်း(၂)အသင်း၊ ချစ်မိုးအသင်း၊ ခြံကြီးမောင်အသင်း၊ ပျံလွှားအသင်း၊ စုစုပေါင်း(၈)သင်းတို့ ပါဝင်ယှဉ်ကြသည်။

အဆိုပါလှေပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်နှင့် တာဝန်ရှိသူများ၊မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ လှေဦးတိုက်ပွဲ လှေလှော်ကော်မတီအဖွဲ့များ၊ ဒေသခံပြည်သူများ၊ အနီးအနားရှိ ကျေးရွာများမှ လှေပြိုင်ပွဲ  ကြိုက်နှစ်သက်သည့် လူကြီး၊ လူငယ်များစညးကားသိုက်မြိုက်စွာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)