တောင်ကြီးမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

တောင်ကြီး  အောက်တိုဘာ  ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော မြို့နယ်အဆင့် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်အရ အိတ်ခ်ျပီဗီ (သားအိမ်ခေါင်းကင်ဆာ) ကာကွယ်ဆေးကို စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန် က ခရိုင်/ မြို့နယ် စုပေါင်းရုံး အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Facebook Page မှ တိုက်ရိုက် ထုတ်လွှင့်နေသည့် Video ဖိုင်အား ပရိုဂျက်တာဖြင့် ကြည့်ရှုကြပြီး  တောင်ကြီးမြို့နယ်အတွင်းရှိ အသက် (၉)နှစ်မှ (၁၀) နှစ်ထိ အမျိုးသမီးငယ်များ စုစုပေါင်း ၃၅၀၅ ဦး အိတ်ခ်ျပီဗီ သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးအား ပထမအကြိမ် ထည့်သွင်းထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း၊ အောက်တိုဘာလ ၂၀ ရက်နေ့မှ အောက်တိုဘာလ ၂၅ ရက်နေ့အထိ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်ဖြင့် အဆိုပါအိတ်ခ်ျပီဗီ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံ ပေးခြင်းနှင့် တိုးချဲ ကာကွယ်ဆေးထိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေးအိတ်ခ်ျပီဗီ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲ အခမ်းအနားသို့ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်၊ မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာန ဒေါက်တာမိုးထွန်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြို့နယ်အမျိုးသမီးရေးရာ၊ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး၊ အခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုရိုနာဗိုင်းရပ်စ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)