ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ပြီး ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ကျောက်ဆည် အောက်တိုဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဘက်စုံသုံးခန်းမတွင် ယမန်နေ့ညနေ (၃)နာရီက လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကလေးဘဝရှေ့အလားအလားနှင့် ဂုဏ်သိက္ခာတို့ကိုကင်းမဲ့စေပြီး ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာသည့်အလုပ်မျိုးတွင် လုပ်ကိုင်နေရသူများနှင့် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ၊ စာရိတ္တပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေပြီး ပညာသင်ကြားရေးကို ထိခိုက်နစ်နာစေမည့် ကျောင်းတက်ရန်အခွင့်အလမ်း ရွေးချယ်နိုင်မှုမရှိခြင်း၊ အချိန်မတိုင်မီ ကျောင်းမှထွက်ရခြင်း၊ ကျောင်းတက်ခြင်းနှင့်အတူ ပြင်းထန်သောအလုပ်များကို အချိန်ကြာမြင့်စွာ လုပ်ကိုင်နေရသူများသည် ကလေးအလုပ်သမားများဖြစ်ကြောင်းနှင့် ကလေးအလုပ်သမားများ၏ နောက်ဆက်တွဲအကျိုးဆက်များအကြောင်း၊ ကလေးအလုပ်သမား လျော့နည်းပပျောက်စေရေး ပြည်သူများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် ဟောပြောခဲ့သည်။

ထို့နောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုးက အသက်(၁၄)နှစ် မပြည့်သေးသူများကို သတ်မှတ်အလုပ်ချိန်ထက်ကျော်လွန်၍ အချိန်ပိုလုပ်ခွင့်မပြုရေး၊ အန္တရာယ်ရှိသောအလုပ်များတွင် အလုပ်လုပ်ခွင့်မပြုကြောင်းနှင့် ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များနှင့် ကလေးအလုပ်သမားဖြစ်ရသည့်အကြောင်း ဟောပြောခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သက်မောင်