မန္တလေး အောက်တိုဘာ ၁၂
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်/စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ ဆရာမခင်စောတင့်၏ စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်အား စာဖတ်ဝိုင်းဖွဲ့ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။
ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး Book Club အသင်းဥက္ကဋ္ဌ ဆရာချမ်းမြေ့အေးက မွေးမေမေနဲ့ကျွေးမေမေ၊ မျှော်လင့်ချက်၊ ထိုတစ်ည၊ အချိန်အခါကိုသိပါ ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ဆရာမောင်ရင်ကျော်က ရှင်သန်တိုးပွားချစ်ခြင်းတရား၊ ပန်းဥယာဉ်အတွင်းဝယ်၊ ရှု့မဆုံးတော့သည် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာမင်းမြတ်မိုး(မန်းမြေ)က သမီးသိပ်ကံကောင်းတယ်၊ ကျွန်မအမေ၊ ကျွန်မဆရာမ၊ အမုန်းကိုဆန့်ကျင်ပြီး အချစ်နှင့်ပေါင်းစည်း၍ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာခေတ္တရာ သန်းမြင့်အောင်က ဘာကြောင့်မေ့တာလဲ၊ စကားပြောဖို့ခလုတ်နှိပ်ပါ၊ လှို့ဝှက်ဆန်းကြယ် လပြည့်ညဝယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာမင်းလပြည့်(ဟားခါး)က ချမ်းမြေ့သာယာတဲ့အိမ်ထောင်ရေး၊ ကျော်ကြားမှုအတွက်ပေးဆပ်ရခြင်း အစရှိသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးပါသည်။
ထို့နောက် တက်ရောက်လာသည့် စာပေဝါသနာရှင်များက စာရေးဆရာကြီးများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)