မော်လမြိုင်မြို့၌ (၁၈၉)ကြိမ်မြောက် မြို့လုံးကျွတ်သံဃာတော်၊ သီလရှင်(၈၀၂၅)ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဆွမ်းဆန်စိမ်း လောင်းလှူ

မော်လမြိုင် အောက်တိုဘာ ၁၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးတွင် စာသင်၊ စာချ သီတင်းသုံးနေထိုင်တော်မူသော ဆရာတော်၊ သံဃာတော်၊ သာမဏေနှင့် သီလရှင်များ ဆွမ်းကိစ္စ ခက်ခဲပင်ပန်းမှုမရှိစေရေးနှင့် ပစ္စည်းလေးပါးအဆင်ပြေစေရေး၊ ထေရဝါဒဗုဒ္ဓသာသနာတော်ကို အထောက်အပံ့ဖြစ်စေရေးအတွက် မော်လမြိုင်မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုအခါ(၁၈၉)ကြိမ်မြောက်သို့ ရောက်ရှိလာခဲ့ပြီးဖြစ်သည်။

မော်လမြိုင်မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၏ (၁၈၉)ကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို တော်သတင်းလဆုတ် ၁၃ ရက် နေ့မှ ၁၄ ရက်နေ့ထိ နှစ်ရက်တိုင်တိုင်ကျင်းပပြုလုပ်ရာ ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဗုဒ္ဓဘာသာနွယ်ဝင်စေတနာရှင်ပြည်သူများက လောင်းလှူခဲ့ကြသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို‌ မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက် လောကမာရဇိန်(ငွေဘုံသာ) ဘုရားတည်နေရာမှစတင်၍ မြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း(၃၃၇)ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ သာမဏေ(၆၅၅၉)ပါး၊ သီလရှင်(၁၄၆၆)ပါး စုစုပေါင်းသံဃာတော်၊ သီလရှင်(၈၀၂၅)ပါးတို့ကို ဆွမ်းဆန်စိမ်းများ လှူဒါန်းလောင်းလှူ ပူဇော်ခဲ့ကြသည်။ မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ကြွရောက်ချီးမြှင့်တော်မူသော ဆရာတော်၊ သံဃာတော်၊ သာမဏေ၊ သီလရှင်များသည် ဇေယျာသီရိရပ်ကွက်လောကမာရဇိန်(ငွေဘုံသာ)ဘုရားတည်နေရာမှစတင်၍ ဒိုင်းဝန်းကွင်း လမ်းတစ်လျှောက် အတ္ထရံဟိုတယ်ကွေ့မှ အောက်လမ်းမကြီးအတိုင်း စစ်ကဲကုန်းရပ်ကွက် ဝတ်ကြီးဘုရားတွင်လည်းကောင်း (ပထမ)နေ့ ဆွမ်းဆန်စိမ်းအလှူခံ ကြွရောက်ချီးမြှင့်ခဲ့ကြရာ ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများက သဒ္ဒါတရားထက်သန်စွာဖြင့် ဆွမ်းဆန်စိမ်းများကို  လှူဒါန်းလောင်းလှူပူဇော်ခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)