မြစ်သား အောက်တိုဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ရွှေပေါ်ကျွန်းကျေးရွာအုပ်စုကွင်း၌ သပြေငုတ် (အောင်သပြေ)ပင်များအား စမ်းသပ်စိုက်ပျိုးရာမှ စိုက်ပျိုးမှုဖြစ်ထွန်းကာ စျေးကွက်ဝင်အရောင်းတွင်ကျယ်သည့်အတွက် စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သပြေငုတ်(အောင်သပြေ)များကို ရာသီမရွေးစိုက်ပျိုးနိုင်ပြီး မိုးကျသည်နှင့်အစေ့ချစိုက်ပျိုးရ၍ တစ်ဧကလျှင် မျိုးစေ့(၈၀)ပြည်ကုန်ကျပြီး ဘောင်ဖြင့်စိုက်ပျိုးကာ အနံ(၁၂)ပင်တန်စိုက်ပျိုးပြီး အလျားတစ်တန်းနှင့်အခြား (၆)လက်မအကွာ စိုက်ပျိုးကြသည်။ ထို့နောက် စိုက်သက်(၈)လခန့်အကြာ အပင်အမြင့်တစ်ထောင်ခန့် အရောက်တွင် သပြေငုတ်ပင်ရင်း(၆)လက်မခန့်မှ အပေါ်ပိုင်းများဖြတ်ကာ ကျန်သပြေငုတ်များအား ပြန်လည်ပျိုးထောင်စိုက်ပျိုးခြင်း၊ သပြေငုတ်များ၏ အပေါ်ပိုင်းများဖြတ်၍ (၂)လအကြာတွင် ရောင်းတန်းဝင်ပြီးရွှေအိုရောင် သပြေငုတ်ပင်များသည် စျေးနှုန်းပိုရကြောင်းနှင့် စိုက်ခင်းအထိ ကုန်သည်များမှလာရောက်ဝယ်ယူခြင်းနှင့် အခြားမြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိသည်။
မြစ်သားမြို့နယ်တွင် ရွှေပေါ်ကျွန်းကျေးရွာအုပ်စု၊ ရွှေပေါ်ကျွန်းကျေးရွာနေ ဦးဥာဏ်မင်းအောင်မှ ၂၀၂၂ ခုနှစ်တွင် သပြေငုတ်ပင်များအား ဧက(၂)ဧက စိုက်ပျိုးခဲ့ရာ စိုက်ပျိုးမှုများ ဖြစ်ထွန်းအောင်မြင်၍ အရောင်းတွင်ကျယ်ခဲ့ပြီး မိသားစုစားဝတ်နေရေးအပြင် အပိုဝင်ငွေများရရှိခဲ့သည့်အတွက် နောင်နှစ်များတွင်လည်း စိုက်ဧက တိုးချဲ့ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)