မိုင်းကိုင် အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ၏ ၂၀၂၃ ခုနှစ်၊ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းဆိုင်ရာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း အစုအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုစာရေးများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွင် စိတ်ပါဝင်စားသူ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက အဖွင့်အမှာစကားပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်ဇော်လင်းက ပြည်တွင်းအသားစားသုံးမှုတွင် အစားအစာဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသော သားငါးရိက္ခာဖူလုံစေရန်၊ ပြည်တွင်း/ပြည်ပဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော မွေးမြူထုတ်လုပ်မှုအစီအမံများ ချမှတ်ဆောင်ရွက်နိုင်ရန်၊ မွေးမြူရေးကဏ္ဍစနစ်တကျဖွံ့ဖြိုးလာစေရန် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီးနောက် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းဆိုင်ရာသင်တန်းကို ဆက်လက်ပို့ချခဲ့သည်။
အဆိုပါသင်တန်းတွင် ၂၀၂၃ ခုနှစ်၊ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းနှင်ပတ်သက်၍ စာရင်းများကောက်ယူရာတွင် အသုံးပြုသည့် မေးခွန်းလွှာနှင့် Commcare Application အသုံးပြုနည်း၊ မြေပြင်ကွင်းဆင်းရာတွင် ကြုံတွေ့နိုင်မည့် အခက်အခဲများ၊ တိရစ္ဆာန်ကောင်ရေစာရင်းကိန်းဂဏန်းများ မှန်ကန်မြန်ဆန် ပြည့်စုံစွာဖော်ပြနိုင်ရေး အကြောင်းအရာများ၊ အယ်နီညိုဖြစ်စဉ်နှင့်ပတ်သက်၍ မွေးမြူရေးကဏ္ဍတွင် ကြိုတင်ပြင်ဆင်နိုင်ရေး၊ နို့စားကျွဲမွေးမြူရေးဖွံ့ဖြိုးတိုးတက်စေရန် အကြောင်းအရာများကို အသိပညာပေး သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ချော(မိုင်းကိုင်)