ရခိုင်ပြည်နယ် မောင်တောမြို့၌ ရပ်ကွက်နေပြည်သူများသို့ စားသုံးဆီ တစ်ပိဿာလျှင် ၅၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေး

မောင်တော   အောက်တိုဘာ   ၁၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများသို့ ယမန်နေ့ ညနေ ၄ နာရီအချိန် မြို့မအနောက်ရပ်ကွက်၊ အလယ်ရွာအတွင်းစားသုံးဆီများ ရောင်းချပေးခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

မောင်တောမြို့၌ Agri One  Trading Co., Ltd ကုမ္ပဏီမှ ဆီစားသုံးသူများအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်လျက် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ၊ မြို့နယ်စားသုံးဆီရောင်း ကိုယ်စားလှယ် ဦးတင်အောင်မိုး ဦးဆောင်သောအဖွဲ့မှ မြို့မအနောက်ရပ်ကွက်၊ အလယ်ရွာအတွင်းနေထိုင်ကြသော ပြည်သူများထံသို့ စားသုံးဆီ တစ်ပိဿာလျှင် ၅၂၀၀ ကျပ်နှုန်းဖြင့်ဆီ  ၅၅၀ ပိဿာအား လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့်  ဖြန့်ဖြူး ရောင်းချပေးခဲ့ကြသည်။ ထိုသို့ ရပ်ကွက်များအတွင်း စားသုံးဆီ ရောင်းချမှုအား အောက်တိုဘာ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ မြို့ပေါ်ရပ်ကွက် ၅ နေရာတွင် ဆက်လက် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်