မချမ်းဘော အောက်တိုဘာ ၁၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာကျောင်းများ၏ တက္ကသိုလ်ဝင်တန်းအောင်ချက်မြှင့်မားရေးအတွက် မြို့နယ်ကော်မတီဝင်များနှင့် ဆရာဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းခြင်းဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အ.ထ.က(ခွဲ) (နန်ခမ်)ကျောင်းနှင့် အ.ထ.က(ထရန်ဒမ်း) ကျောင်းတို့၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အထက(ခွဲ)နန်ခမ်ကျောင်း၌ ဆောင်ရွက်ရာတွင် မြို့နယ်တက္ကသိုလ်ဝင်တန်း အောင်ချက်မြှင့် မားရေးကော်မတီဥက္ကဋ္ဌက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြှင့်မားရေးအတွက် ဆရာဆရာမများနှင့် ကျောင်းသားမိဘများက ပူးပေါင်းကြိုးစားဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း၊ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်အချက်များ၊ ညှိနှိုင်းပေါင်းစပ်ပေးရမည့် အချက်များရှိပါက လည်းပွင့်လင်းမြင်သာစွာ ဆွေးနွေးကြရန်လိုအပ်ကြောင်း သို့မှသာမိမိတို့မြို့နယ် ကော်မတီများအနေဖြင့်လည်း ထိထိရောက်ရောက်ကူညီ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းဆွေးနွေးရာ အ.ထ.က(ခွဲ)(နမ်ခမ်) ကျောင်းအုပ်ဆရာကြီးမှ စာကျက်ဝိုင်း ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အာဟာရကျွေးမွေးရေးဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မီးရရှိမှု အခြေအနေများ၊ ရေရရှိမှုအခြေအနေများ၊ လုံခြုံရေးဆောင်ရွက်ထားမှုအခြေအနေများ၊ ကျန်းမာရေးအတွက် လိုအပ်မှုအခြေအနေများကို ပြန်လည်တင်ပြဆွေးနွေးသည်။
ထို့နောက် မြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းဦးစီးမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာန ကျန်းမာရေးကြီးကြပ်-၁နှင့် မြို့နယ်ကော်မတီများက လျှပ်စစ်မီး၊ ကျန်းမာရေးအတွက် ကူညီပံ့ပိုးဆောင်ရွက်မည့် အစီအစဉ်များ၊ ကျောင်းသူကျောင်းသားများနှင့် ဆရာဆရာမများ လုံခြုံရေးအတွက် ကျေးရွာအုပ်ချုပ်ရေးနှင့် ကျောင်းသားမိဘကော်မတီများက အလှည့်ကျတာဝန်ယူဆောင်ရွက်သွားမည့် အစီအစဉ်များ၊ မြို့နယ်ဦးစီးကော်မတီအနေဖြင့် အရေးပေါ်လိုအပ်လာပါ ဆက်သွယ်နိုင်ရန်အတွက် ကော်မတီဝင်များ၏ တယ်လီဖုန်းနံပတ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနဆိုင်ရာများက ကဏ္ဍအလိုက်ဆွေးနွေးကြပြီး မြို့နယ်ကော်မတီဝင်များက ညစာကျက်ဝိုင်းဆောင်ရွက်သည့်နေရာများ၊ ညအိပ်ဆောင်များ၊ မိလ္လာနှင့်ရေရရှိသုံးစွဲမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အလားတူ အ.ထ.က(ထရန်ဒမ်း)ကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်တက္ကသိုလ်ဝင်တန်း အောင်ချက်မြှင့်မားရေးကော်မတီဝင်များနှင့် ဆရာဆရာမများ ကျောင်းသားမိဘများ ကျောင်းကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးပြီး အ.ထ.က ထရန်ဒမ်းကျောင်း၏ လိုအပ်ချက်များဖြစ်သည့် ဆရာကိုင်အင်္ဂလိပ်စာသင်ထောက်ကူစာအုပ်များ၊ လမ်းညွှန်စာအုပ်များ၊ ကျန်းမာရေးဆေးဝါးများနှင့် အနီးကပ်စောင့်ရှောက်နိုင်ရန် ကျန်းမာရေးဆရာမတစ်ဦးတာဝန်ပေးအပ်မှု၊ မီးအဆင်ပြေစွာသုံးစွဲနိုင်ရန် ZEPအမျိုးအစား အော်တိုအင်ဗာတာတစ်လုံး၊ Divine ဘက်ထရီတစ်လုံးနှင့် အာဟာရကျွေးမွေးနိုင်ရေးတို့ကို အပြန်အလှန် ညှိနှိုင်းဆွေးနွေးကာ စာကျက်ဝိုင်းထားရာနေရာသို့ ကွင်းဆင်း၍လိုက်လံကြည့်ရှုကာ လိုအပ်သည်များကို ဆက်လက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မချမ်းဘောမြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်စာမေးပွဲအောင်ချက်မှာ ဖြေဆိုသူအားလုံး၏ ၆၉ ရာခိုင်နှုန်းရရှိခဲ့ရာ ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်ချက်မြှင့်မားရေးအတွက် မြို့နယ်ဦးစီးကော်မတီများ၊ လုပ်ငန်းကော်မတီများ ဆရာဆရာမများ၊ ကျောင်းသားမိဘများ ကျောင်းကော်မတီဝင်များ ကျောင်းသားကျောင်းသူများက ပူးပေါင်းကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယောရွှေနီ (မချမ်းဘော)