မလှိုင် အောက်တိုဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်အသိပညာပေးစကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က ဝါးခွကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ စကားဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်ကအဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်တွင်လူမှုရေးဦးတည်ချက်တွင်ပါဝင်သည့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ် များအနေဖြင့်အဓိက စွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ် ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဆိုသည့်အတိုင်း ကာယဗလ၊ ဉာဏဗလ၊ ဘောဂဗလ၊ စာရိတ္တဗလ၊ မိတ္တဗလပြည့်စုံဖွံ့ဖြိုးရေးသည် လူငယ်တိုင်းအတွက် လိုအပ်ချက်ဖြစ်သဖြင့် ပညာ ရှာမှီးရင်း ဗလငါးတန် ဖွံ့ဖြိုးအောင်လေ့ကျင့်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက်မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးရန်အောင်က လူငယ်အသိပညာပေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရခြင်းအကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက လူငယ်အသိပညာပေး စကားဝိုင်းဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် ဝါးခွ အ.ထ.က(ခွဲ) ကျောင်းအုပ်ဆရာမ ဒေါ်တင်တင်စိုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်း ဦးဆောင်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက် ကျင်းပခဲ့သည်။ စကားဝိုင်းဆွေးနွေးပွဲတွင် Grade-12 မှ မဖွေးဖွေးက လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11မှ မောင်အောင်သူရကလူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-12 မှ မလှိုင်မိုးသူက လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-12 မှ မောင်ထက်အောင်က လူငယ်နှင့်ဖုန်းအသုံးပြုခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-12 မှ မခင်လပြည့်က လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့က လတ်တလောဖြစ်ပွားနေသည့် မျက်မြှေးရောင်ရောဂါ (သို့မဟုတ်) မျက်စိနာရောဂါ ကာကွယ် ရေးနှိုးဆော်ချက် အသိပညာပေး လက်ကမ်းစာစောင်များကို ကျောင်းသား/သူများအား ဖြန့်ဝေ ပေးခဲ့သည်။ ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲကို တက်ရောက်သူများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများက စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အောင်ဌေး (မလှိုင်)