ဒဂုံ အောက်တိုဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းခန်းမတွင် ကျောင်းသား/ ကျောင်းသူများအား စာပေကိုလေ့လာဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
ရှေးဦးစွာ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ပြုံးပြုံးခင်က ကျောင်းသား၊ ကျောင်းသူများကို စာအုပ်စာပေကောင်းများကို ရွေးချယ်၍ လေ့လာဖတ်ရှုခြင်းအားဖြင့် အတွေးအခေါ်ရင့်သန်စေရန်၊ အကောင်းအဆိုးများကို ခွဲခြားသိမြင်၍ လမ်းမှားမရောက်နိုင်ပါကြောင်းနှင့် လူတော်လူကောင်းလေးများ၊ နိုင်ငံတော်မှ အားကိုးအားထားပြုရသည့် သားကောင်း၊ သမီးကောင်းရတနာလေးများ ဖြစ်လာကြမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်မိုးမိုးခိုင်က ကျောင်းသား၊ ကျောင်းသူများအား စာပေများကို ဖတ်ရှုခြင်းအားဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားစေပြီး၊ မိမိကိုယ်ကို ယုံကြည်မှုရှိလာမှာဖြစ်ပါကြောင်းနှင့် အားလပ်ချိန်များတွင် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို ဟောပြောခဲ့ပါသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး ငှားရမ်းဖတ်ရှုလိုသည့် သုတ/ရသ စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများကို ငှားရမ်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။
မိုးမိုးခိုင်(ပြန်/ဆက်)