ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် (၆၄)ကြိမ်မြောက် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲအတွက် ပဏာမလူရွေးချယ်ပွဲများ ကျင်းပ

လားရှိုး အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မကြာမီကာလအတွင်း ကျင်းပတော့မည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၆၄)ကြိမ်မြောက် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲအတွက် ပဏာမလူရွေးချယ်ပွဲကို လားရှိုးဂေါက်ကွင်းတွင် စတင်ကျင်းပနေပြီဖြစ်ကြောင်း သိရသည်။

လူရွေးချယ်ပွဲကို အောက်တိုဘာလ ၁၀ ရက်နေ့မှ စတင်ကျင်းပနေခြင်းဖြစ်ပြီး ပထမနေ့တွင် အတွဲပေါင်း ၁၄ တွဲ၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် အတွဲပေါင်း ၁၃ တွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၆၄)ကြိမ်မြောက် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲကို နှစ်စဉ်ကျင်းပလျက်ရှိပြီး ရှမ်းပြည်နယ်အတွင်းရှိ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံမြို့များတွင် အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ဒီဇင်ဘာလအတွင်းတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲသို့ ရှမ်းပြည်နယ်အတွင်းရှိ လက်ရွေးစင် ဂေါက်သီးအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)