ညောင်ဦး အောက်တိုဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ ထန်းတောင်သူများ ထန်းလှက်ဈေး ပုံမှန်ဈေးနှုန်းဖြင့်ရောင်းချနေရပြီး ထန်းတောင်သူလုပ်ငန်း ပြန်လည်လုပ်ကိုင်မှုမနှစ်က ထက်ပိုများခဲ့ကြောင်း ရှင်မိန်ကျေးရွာ ထန်းတောင်သူ ဦးဝင်းမောင်ထံကသိရသည်။
ညောင်ဦးမြို့နယ်တွင် ထန်းတက်လုပ်ငန်းလုပ်ကိုင်သည့် ထန်းတောင်သူအပြားအ ပြားလုပ်ကိုင်ခဲ့ ရာမှ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ထန်းတက်လုပ်ငန်းလုပ်ကိုင်သူ နည်းပါးလာခဲ့ကြောင်း၊ ထန်းလျှက်ဈေးနှုန်းကျဆင်းခြင်းနှင့်အတူ ပြည်ပသို့ထွက်ကာ အလုပ်လုပ်ကိုင်သူများပြားခဲ့ပြီး ထန်းတက်လုပ်ငန်းလုပ်ကိုင်သူနည်းပါးခဲ့ခြင်းဖြစ်ကြောင်း၊ ညောင်ဦးမြို့နယ်တွင် ထန်းပင်၊ ထန်းတောအလွန်ပေါများသည့်ဒေသဖြစ်ကာ ကျေးလက်တောင်သူများ ထန်းလုပ်ငန်းအား လူတိုင်းလုပ်ကိုင်ခဲ့သည့် အခြေအနေမှ ထန်းတောင်သူ လုပ်ငန်းနည်းပါးသွားခဲ့ခြင်းဖြစ်ကြောင်း ထန်းတောင်သူများကပြောကြားသည်။ ထန်းတောင်သူလုပ်ငန်း လုပ်ကိုင်ရာတွင် ထန်းရာသီ မစတင်မီအချိန်ကပင် ထန်းဆွဲမြူအိုး၊ ထန်းဆွဲမြူအိုးကြိုး၊ ယင်းတောင်၊ ယင်းဆွဲ၊ ထန်းလှီးအိမ်၊ ထန်းလှီးဓား၊ ထန်းလျှက်ချက်ရန် မိုးဗြဲဒယ်၊ ထန်းလျှက်ဖို၊ ထန်းလျှက်ချက်ဖိုပြုလုပ်ရန်၊ မြေနီ မြေစေး၊ ထန်းလျှက်ချက် လောင်စာဖြစ်သည့် ထန်းဖတ်၊ ထန်းလက်နှင့်ပဲစင်းငုံရိုးများအား ကြိုတင်စုဆောင်းထား ကြရကြောင်း ထန်းလျှက်စတင်ပေါ်ချိန်က တစ်ပိဿာ ၄၀၀၀ ကျပ်ထိ ရောင်းချခဲ့ရပြီး ထန်းလျှက်လှိုင်လှိုင်ပေါ်ချိန် ထန်းလျှက်တစ်ပိဿာ ၃၀၀၀ ကျပ်ရောင်းချရကြောင်း၊ ထန်းလျှက်တစ်ပိဿာ ၃၀၀၀ ကျပ်သည် ထန်းတောင်သူများမျှော်လင့်နေသည့် ဈေးနှုန်းဖြစ်ပြီး ညောင်ဦးမြို့နယ်၌ ထန်းတောင်သူများထန်းလျှက်ဈေးပုံမှန်သာ ရောင်းချနေရကြောင်း ထန်းတောင်သူများထံကသိရသည်။