ဝမ်းတွင်း အောက်တိုဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်း က အခြေခံပညာအလယ်တန်းကျောင်းခွဲ အမှတ်(၅)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်စန်းစန်းသွင်က မိမိတို့ကျောင်းတွင် လူငယ်များအတွက် အသိပညာဗဟုတများတိုးပွားရန် လာရောက်ဆွေးနွေးဟောပြောပေးကြသောတာဝန်ရှိသူများကို ကျေးဇူးအထူးပင် တင်ရှိပါကြောင်း ကျောင်းသားကျောင်းသူများအနေဖြင့် အသိပညာ ဗဟုသုတ များတိုးပွားစေရန် ဆွေးနွေးဟောပြောချက်များကို လိုက်နာမှတ်သားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောက လူငယ်လူရွယ်များအတွက် ဗလငါးတန်ဖွံ့ ဖြိုးတိုးတက်စေရေးအတွက် ကျောင်းစာများအပြင် ပြင်ပဗဟုသုတများကိုလေ့လာမှတ်သားရန် လိုအပ်ပါကြောင်း၊ အလိမ္မာစာမှာရှိ၊ စာအုပ်စာပေလူမိတ်ဆွေ ဆိုသည့် အတိုင်း ဗဟုသုတရဖွယ် သုတ/ရသစာပေများကို လေ့လာမှတ်သားကြရန် လိုအပ်ပါကြောင်း ဆွေးနွေးခဲ့သည်။ ထို့နောက် ဦးသိန်းမြင့် (ရုပ်သံကျွမ်းကျင်-၃)က လူငယ်နဲ့ရည်မှန်းချက်၊ လူငယ်နဲ့စာရိတ္တ၊ လူငယ်နဲ့ ပေါင်းသင်းဆက်ဆံရေးစသည့် သိကောင်းများကို ဗဟုသုတများတိုးပွားစေရန် ဆွေးနွေးဟောပြောခဲ့သည်။
အဆိုပါ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲသို့ ဦးစီးအရာရှိ ဒေါ်မူမြစောနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းသွင် နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူ (၁၂၀)ဦး တက်ရောက်ခဲ့ ကြသည်။
ဌေးလှိုင်(ဝမ်းတွင်း)