ဘီးလင်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

ဘီးလင်း အောက်တိုဘာ ၁၂

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက အနိုင်ပွန်ကျေးရွာ မူလတန်းလွန်ကျောင်း၌ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံ ကမူးယစ်ဆေးဝါး၏ဆိုးကျိုးအန္တရာယ်များ၊ စာဖတ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများကို အသိပညာပေး‌ ဟောပြော‌ခဲ့သည်။

ဆက်လက်၍ ဘီးလင်းမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းရွှေက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသင်ခန်းစာအပြင် ကျန်းမာသန်စွမ်းသည့် လူငယ်လူရွယ်များဖြစ်စေရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပြုလုပ်ခြင်း၏ အရေးပါပုံကို ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းရွှေက ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ကိုယ်ကာယကြံ့ခိုင်ရေး လေ့ကျင့်ခန်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူ များကစိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့‌ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)