မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်တာဝန်ရှိသူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

သံတွဲ   အောက်တိုဘာ ၁၁

သံတွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်တာဝန်ရှိသူများသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ယမန်နေ့နံနက် ၁၀နာရီက သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သည့်ပူးပေါင်းအဖွဲ့သည် သံတွဲ-ဆင်ခေါင်းလမ်းပျက်စီးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ဆင်ခေါင်းကျေးရွာ သီရိသုခိတာဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး  ဆရာတော် ဥူးသုရက္ခိတ အမှူးပြုသည့် ဆရာတော်သုံးပါးတို့အား ဖူးမျှော်ကြည်ညိုကြပြီး လှူဖွယ် ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ပြီးနောက် ဆရာတော် ဥူးသုရက္ခိတက လမ်းပြုပြင် ဆောင်ရွက်ရေးအတွက် စက်ယန္တရားနှင့် မော်တော်ယာဉ်လိုအပ်မှုအခြေအနေ၊ ကျောက်ထုတ်မည့်နေရာနှင့် ရပ်ရွာအနေဖြင့် ကူညီပံ့ပိုးပေးမည့်အခြေအနေများကို မိန့်ကြားတော်မူခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို  ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံသို့ ဆက်လက်တင်ပြပြီး  လိုအပ်သည်များကို ဆက်လက်‌ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး မည်ဖြစ်ကြောင်းပြန်လည်ဆွေးနွေးခဲ့သည်။

အဆိုပါတာဝန်ရှိသူများသည် ဆင်ခေါင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး နှစ်ထပ်ကျောင်းဆောင်သစ်တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့ရာ တာဝန်ခံ အင်ဂျင်နီယာ ဦးနေစိုးက ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်တာဝန်ရှိသူများက သတ်မှတ် စံချိန်စံညွှန်းနှင့် အညီဆောင်ရွက်ရေး၊ သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးရေးနှင့် ငွေကြေးထုတ်ယူ ရာတွင် သတ်မှတ်စည်းကမ်းများနှင့်အညီ သက်ဆိုင်ရာတာဝန်ရှိသူများထံ အဆင့်ဆင့်တင်ပြ လမ်းညွှန်မှုခံယူ ဆောင်ရွက်ရေးတို့ကိုလမ်းညွှန်မှာကြားခဲ့သည်။ထို့အပြင် ညောင်ခြေထောက် ကျေးရွာရှိ ဦးဌေးမင်း ၏ ရေခဲစက်တည်ဆောက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ၏ စစ်ဆေးခွင့်ပြုချက်များ ရရှိမှသာ စက်လည်ပတ်မှုများ ဆောင်ရွက်ရေးကို အလေးထားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သန့်ဇင်(ခရိုင်ပြန်/ဆက်)