အလုံ အောက်တိုဘာလ ၁၁
၂၀၂၃ခုနှစ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့သိုင်းအခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အလုံမြို့နယ် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဌေးကြွယ်က သင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သန်းက သင်တန်းနည်းပြဆရာအား သင်တန်းထောက်ပံ့ငွေကို ပေးအပ်ခဲ့သည်။
ဆက်လက်၍ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များကို အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဌေးကြွယ်က ပေးအပ်ခဲ့ပြီး သင်တန်းသားများက မြန်မာ့သိုင်းသရုပ်ပြသခဲ့ကြောင်းသိရပြီး အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။ အဆိုပါသင်တန်းကို စက်တင်ဘာလ ၅ ရက်နေ့မှစတင်ကာ သင်တန်းသား ၈၅ ဦးဖြင့် ၁လကြာ ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
တင်တင်ချို (ပြန်/ဆက်)