ငါန်းဇွန်မြို့ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/သုတရသ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းဆောင်ရွက်

ငါန်းဇွန်    အောက်တိုဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသားကျောင်းသူများအား လူငယ်ရေးရာအသိပညာပေးဆွေးနွေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/ သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ချိုမြင့်ကြည်က “လူငယ်တွေအတွက် အောင်မြင်ရေးနည်းလမ်း(သို့မဟုတ်) ဗလငါးတန် ဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူများအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့် ဘောဂဗလ၊ ဗလငါးတန် ဖွံ့ဖြိုး တိုးတက်စေဖို့ လေ့ကျင့်ပြုမူနေထိုင်တတ်စေရန် အသိပညာပေး ဆွေးနွေးဟောပြောပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက “စားသုံးသူ ရေးရာ အသိပညာပေး”ခေါင်းစဉ်ဖြင့် အစားအသောက်များ ရွေးချယ်ဝယ်ယူစားသုံးတတ်စေရန်၊ စားသုံးသူအခွင့်အရေးဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်နှင့် တားမြစ်ချက်များ၊ ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိမှသာ ဝယ်ယူသုံးစွဲသင့်ကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဝန်ထမ်းများက  ကျောင်းသားကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်ကာကွယ် တားဆီးရေး၊ နံရံကပ်စာစောင်များပြသခြင်းနှင့် သုတရသစာအုပ်စာစောင်များခင်းကျင်းပြသခြင်း ဆောင်ရွက်ပေးရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။         

သက်နောင်ဦး(ငါန်းဇွန်)