ဇေယျာသီရိ အောက်တိုဘာ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးအတွင်းရှိ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုလျော့နည်းရေး နည်းပညာပေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးစိုးနိုင်က အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ၊ အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် စိုက်ပျိုးထုတ်လုပ်မှုအပေါ် ထိခိုက်လာနိုင်သည့် အခြေအနေများ၊ တောင်သူများအနေဖြင့် ပျက်စီးဆုံးရှုံးမှုလျော့နည်းစေရေးအတွက် ကြိုတင်သတိပြု ပြင်ဆင်ရမည့်အချက်များနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်မာအေးက ရာသီဥတုပြောင်းလဲမှုအပေါ် မြေဆီလွှာနှင့် အပင်အာဟာရဓာတ်များ စီမံခန့်ခွဲခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ အပင်များအစာချက်လုပ်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းကို ဖြစ်ပေါ်စေသော အဓိကအချက်များ၊ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သည့် စိုက်ပျိုးနည်းစနစ်များနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးနည်းစနစ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပြေသိန်းက ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းနည်းနှင့် တောင်သူများ ကြိုတင်ပြင်ဆင်ရန်အချက်များ၊ သီးနှံအလိုက် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိပြီး အထွက်နှုန်းကောင်းမွန်ရေး၊ ဒေသနှင့်ကိုက်ညီသော သီးနှံများ စိုက်ပျိုးနိုင်ရေးဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် တောင်သူများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)