လားရှိုးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုရှိစေရေး လူစည်ကားရာနေရာများ၌  မော်တော်ယာဉ်ဖြင့် လိုက်လံအသိပေးကြေညာ

လားရှိုး အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင်း လမ်းမများပေါ်တွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် စီးနင်းမောင်းနှင်သွားလာအသုံးပြုနေသော မိဘပြည်သူများအနေဖြင့် လားရှိုးမြို့တွင်း လမ်းမများပေါ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုမရှိဘဲ စည်းကမ်းလိုက်နာမှုမရှိသည့် စည်းကမ်းပျက် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက လိုက်လံအသိပေး ကြေညာခဲ့ကြောင်းသိရသည်။

ထိုသို့အသိပေးကြေညာရာတွင် မော်တော်ယာဉ်များအနေဖြင့် မော်တော်ယာဉ်နှစ်ထပ်ရပ်ခြင်း၊ အသက်ကယ်ထိုင်ခုံခါးပတ်မသုံးမပြုခြင်း၊ မရပ်ရနေရာတွင် ယာဉ်ကိုရပ်ခြင်း၊ သတ်မှတ်ယာဉ်မောင်းလိုင်စင်မပါရှိပဲ မော်တော်ယာဉ်မောင်းနှင်ခြင်း၊ မော်တော်ယာဉ်တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားထားရှိသော ဖောင်းကြွနံပါတ်ပြား ပြောင်းလဲတပ်ဆင်ထားမှုမရှိခြင်း၊ မော်တော်ဆိုင်ကယ်အနေဖြင့် ဆိုင်ကယ်စီးဦးထုပ်မဆောင်းခြင်း၊ ဆိုင်ကယ်နောက်ကြည့်မှန် မပါရှိခြင်း၊ မော်တော်ဆိုင်ကယ်အား နှစ်ဦးထက် ပိုမိုတင်ဆောင်စီးနင်းခြင်း၊ အိတ်ဇောရှိအသံထိန်းကိရိယာမပါဘဲ မောင်းနှင်ခြင်း၊ ဆိုင်ကယ်နံပါတ်ပြားတပ်ဆင်ခြင်းမရှိသည့် မော်တော်ဆိုင်ကယ်များအား သိမ်းဆည်းမည်ဖြစ်ကြောင်း သိရသည်။

ကြိုတင်အသိပေးကြေညာခြင်းကို လားရှိုးမြို့ပေါ်ရှိ လူစည်ကားရာနေရာများ၊ ရပ်ကွက်များအတွင်းသို့ လိုက်လံအသိပေးကြေညာလျက်ရှိနေပြီး ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းလိုက်နာမှုမရှိဘဲ သတ်မှတ်စည်းကမ်းမလိုက်နာသည့် စည်းကမ်းပျက်မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် အောက်တိုဘာလ ၁၄ ရက်နေ့မှ စတင်ကာ စစ်ဆေးအရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)