ချောင်းဆုံမြို့နယ်တွင် အကြိမ်(၂၀)မြောက် မြတ်ဆရာပူဇော်ပွဲ ကျင်းပ

ချောင်းဆုံ အောက်တိုဘာ ၁၁

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ အသက်(၇၀)နှစ်နှင့်အထက် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အနေဖြင့် အကြိမ် (၂၀)မြောက် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက ကျွန်းသာယာခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားကို “ကောင်းကျိုးလိုရာဆန္ဒ” သီချင်းဖြင့် မြို့နယ်လက်ထောက်ပညာရေးမှူးက သီဆိုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ဥက္ကဋ္ဌ)က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဒုတိယပညာရေးမှူး ဦးတင်မျိုးနိုင်က မြတ်ဆရာပူဇော်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများချီးမြှင့်ပေးခဲ့ကြသည်။

မြတ်ဆရာပူဇော်ပွဲ တက်ရောက်လာသူများမှ ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခြင်းနှင့် ဆရာကြီး၊ ဆရာမကြီးများကိုယ်စား အငြိမ်းစားဆရာကြီးတစ်ဦးမှ ဆုံးမဩဝါဒပေး၍ ဆုမွန်ကောင်းတောင်းပေးခဲ့ပြီး တာဝန်ရှိသူများမှ အပူဇော်ခံဆရာကြီး ဆရာမကြီးများအား ဂါရဝလက်ဆောင်ပေးအပ်ခြင်းနှင့် ကံစမ်းမဲများဖွင့်ပေါက်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သူဇာ (ပြန်/ဆက်)