တပ်ကုန်း အောက်တိုဘာ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ ကျယ်ပြန့်စွာ လိုက်နာ စေရန်၊ ရှောင်တစ်ခင် စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက တပ်ကုန်း မြို့အဝင် ရန်ကုန်-မန္တလေး ကားလမ်းတွင် မော်တော်ယာဉ် ၃၂ စီး၊ မော်တော်ဆိုင်ကယ် ၅၁ စီးအား စစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ မြို့နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်တွင် ပါဝင်သည့် မော်တော်၊ ဆိုင်ကယ်စီးသူများ အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်မောင်းနှင်ခြင်း ရှိ/မရှိ၊ မော်တော်ယာဉ် မောင်းနှင်နေစဉ် လက်ကိုင်ဖုန်း အသုံးပြုခြင်း၊ အရက်သေစာ သောက်စား၍ မော်တော်ယာဉ် မောင်းနှင်ခြင်း၊ မော်တော်ယာဉ် မောင်းနှင်၊ လိုက်ပါစီးနင်းသူများ အသက်ကယ် ထိုင်ခုံခါးပတ် တပ်ဆင်ခြင်းနှင့် မော်တော်ယာဉ် မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက် ပိုမောင်းနှင်ခြင်း ရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး၊ သတ်မှတ်ချက်နှင့် စည်းကမ်းမလိုက်နာသည့် မော်တော်ယာဉ် အသုံးပြုသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်နှင့်ကိုက်ညီသည့် အရေးယူမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်