မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)ဖြင့် စာဖတ်ဝိုင်းကျင်းပ

မိုင်းခုတ် အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီခွဲက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မြမြဆွေ(စိတ်ပညာ)ရေးသားသော "စိတ်အတောင်ပံဖွင့်မြင့်မြင့်ပျံမယ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သီတာအေးကစာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ အများပြည်သူများ စာဖတ်ရှိန် မြှင့်တင်ရေး၊ စာပေဖတ်ရူသည့် အလေ့အထများ ဖြစ်ပေါ်စေရေးနှင့် လူငယ်များအနေဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများရရှိစေရေးအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း မိဘအုပ်ထိန်းသူနှင့် လူငယ်တို့ကြားမှာ နားလည်မှုလွဲမှားပြီး စိတ်ဒဏ်ရာရကာ စိတ်ဖိစီးမှုများနေတဲ့ လူငယ်တွေ အများကြီးတွေ့ရတယ်။ မိဘတွေရဲ့ ကလေးတွေအပေါ်မှာ အောင်မြင်စေချင်တဲ့ စေတနာဇောအမှားတွေကြောင့် လူငယ်ဘဝရောက်ရှိလာတဲ့အခါ အောင်မြင်မှုမရခဲ့ရင် စိတ်ကျဝေဒနာခံစားနေရတဲ့ သူတွေကိုလည်းတွေ့ကြုံရပါတယ်။ လူငယ်တွေအနေနဲ့ အရက်သေစာ၊ မူးယစ်ဆေးဝါး၊ ဂိမ်းကစားခြင်း၊ လူမှုကွန်ရက်ကို စွဲလမ်းခြင်းဆိုတဲ့ လွဲမှားတဲ့အပြုအမှုကြောင့် ဆိုးကျိုးတွေ ခံစားနေရတာကိုလည်းတွေ့မြင်နေရတယ်။မျိုးဆက်သစ်လူငယ်တွေကို စိတ်ကျန်းမာစွာ ဖွံ့ဖြိုးလာပြီး အောင်မြင်မှုဆီကို ပျံသန်းနိုင်တဲ့ စိတ်စွမ်းရည်တွေရှိစေလိုပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)ဥက္ကဌနှင့် အဖွဲ့၀င်များက" အချိန်၏တန်ဖိုးကိုရိုက်ချိုးခံရခြင်း"၊ "ခွင့်လွတ်ခြင်းဖြင့်အီးကျူမြှင့်ပါ"၊ လူငယ်ထုနှင့် လူမှုပြဿနာလျှော့ချပါ"၊ "စိတ်ကျန်းမာရေးကြိုတင်ကာကွယ်ပေးရအောင်"၊ "လူငယ်ထုရဲ့ စိတ်ဝင်စားမှုသုတေသန"စသည့်ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော စာပေဝါသနာရှင်များကလည်း စာအုပ်ပါအကြောင်းအရာများကို ၀င်ရောက်ဖတ်ရှု့ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လစဥ်ကျင်းပပြုလုပ်လျက်ရှိ​ပြီး စိတ်ပါ၀င်စားသူများ အနေဖြင့် တက်ရောက် လေ့လာနိုင်ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)