မာန်အောင် အောက်တိုဘာ ၁၁
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းသည် ယမန်နေ့နံနက် ၁၀ နာရီက ဘူးရေမျက်ကျေးရွာသို့ သွားရောက်ပြီး ဘူးရေမျက်ကျေးရွာ သိရိမင်္ဂလာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေးခဲ့ကြသည်။
ထို့သို့တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းက မိမိတို့ကျေးရွာအတွင်း နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊ စည်းရုံးရေး စသည့် လိုအပ်ချက်များကို တင်ပြဆွေးနွေးနိုင်ရန် လာရောက်ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် စစ်ကြောင်းတွင် ပါဝင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားကြပြီး ကျေးလက်နေပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် စစ်ကြောင်းတွင်ပါဝင်သော မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်သန်းဝင်းက ဒေသခံပြည်သူများအား မှုခင်းကျဆင်းရေးနှင့် လမ်းစည်းကမ်း၊ ယာဥ်စည်းကမ်း အသိပညာပေးဟောပြောခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
သိန်းဖေ(ပြန်/ဆက်)