ကော့မှူး အောက်တိုဘာ ၁၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများစာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မြို့ကုန်းကျေးရွာအုပ်စု အ.မ.ကကသစ်ကုန်းကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပအသိ ပညာဗဟုသုတတိုးပွားစေရေးအတွက် ပြင်ပစာပေများဖတ်ရှုကြရန်၊ စာဖတ်အားကောင်းသူတွေဟာ သူများထက်မသိတာမရှိဖြစ်ပြီး ကိစ္စတိုင်းကိုခေါင်းအေးအေးနဲ့ဖြေရှင်းနိုင် စွမ်းရည်ပိုကောင်းပါကြောင်း၊ ကိစ္စတိုင်းကိုစူးစမ်းလိုစိတ်ပြင်းပြီး မိမိကိုယ်တိုင်ဘယ်အလုပ်ကိုဝါသနာပါတယ်ဆိုတာတောင် ခန့်မှန်းနိုင်ပါကြောင်း၊ စာဖတ်မှသာလျှင် မိမိဘဝတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းအားဖြင့် လောကကြီးအကြောင်းကိုပိုသိပြီး ယနေ့ခေတ်လူတွေဘယ်လိုစိတ်ထားမျိုးထားတယ်၊ ဘယ်လိုအကြောင်းအရာများကို စိတ်ဝင်စားတယ်ဆိုတာ သိရှိနိုင်ပါကြောင်း၊ စာအုပ်စာပေဆိုတာ ဘဝအတွက်တည်ငြိမ်အေးချမ်းသော သူငယ်ချင်း၊ အယုံအကြည်ရဆုံး အကြံပေးအရာရှိ၊ သဘောထားကြီးတဲ့ဆရာ တစ်ဆူပင်ဖြစ်ပါကြောင်းနှင့် စာပေဖတ်ရှုခြင်း၏အကျိုးကျေးဇူးများအား ဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များပြသထားရာ ကျောင်းသား/ ကျောင်းသူများစိတ်ပါဝင်စားစွာကြည့်ရှုလေ့လာနေကြကြောင်း သိရသည်။
ကျော်သူရ ပြန်/ဆက်