မူဆယ် အောက်တိုဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ နယ်စပ်ဖြတ်သန်းသွားလာရေးဂိတ်များဖြစ်သော နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့တွင် အောက်တိုဘာလ(၇)ရက်နေ့တွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့သော ယာယီနယ်စပ်ဖြတ်သန်းသွားလာရေးလက်မှတ်(TBP)များဖြင့် ဝင်ရောက်နေသည့် ပြည်သူများကို ယမန်နေ့ နေ့လယ်(၁၃း၀၀)အချိန်က မူဆယ်ခရိုင်လဝကမှူးမှ နန်းတော်ဂိတ်တွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် မူဆယ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းနှင့် အဖွဲ့ဝင်များက တစ်ခါသုံးကဒ်(TBP)များဖြင့် တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်နေသော ပြည်သူများကို တစ်ခါသုံးကဒ်(TBP)များ ပြုလုပ်ခဲ့ရာတွင် မိဘပြည်သူကိုယ်တိုင်တန်းစီ၍ ပြုလုပ်ခဲ့ခြင်းဟုတ်/မဟုတ်၊ ပြုလုပ်ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များအား အခကြေးငွေပေး ဆောင်ရမှု ရှိ/မရှိ၊ ပြည်သူနှင့်တိုက်ရိုက်တွေ့ဆုံမေးမြန်းကာ ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။ ထို့အပြင် နန်းတော် နယ်စပ်ဂိတ်လဝကဌာနခွဲများမှ (TBP)နှင့်(BP)ဖြင့် ဝင်/ထွက်သွားလာနေမှုမှတ်တမ်းများနှင့်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကိုလည်း ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရပါသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)