ရန်ကုန် အောက်တိုဘာ ၁၁
လူငယ်ဟူသည် အနာဂတ်၏ အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်နှင့်အညီ လူငယ်များဗလငါးတန်နှင့်ပြည့်ဝစေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဒေါပုံမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် သက်ဆိုင်ရာဌာနများမှပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစွမ်းပြည့်အောင်က ကျောင်းသား၊ ကျောင်းသူလူငယ်များအား ကျောင်းနေပျော်၍ စာတော်သော ကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရေးအတွက် လေ့လာသင်ယူဖွယ်ရာ အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူးဒေါ်ခိုင်ဝေဝေနှင်းက အားကစားပြုလုပ်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ လူငယ်များအနေဖြင့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသများဖြစ်ပေါ်လာစေရန် အားကစားနှင့်ကာယပညာသိပ္ပံတွင် ပညာဆက်လက်သင်ယူနိုင်သည့် အခွင့်အရေးများအကြောင်းစသည်တို့ကို ဟောပြောခဲ့ပါသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချစ်စုဝေက လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ စိတ္တဗလနှင့် ဘောဂဗလဟူသည့် ဗလငါးတန်နှင့်ပြည့်စုံရန်လိုအပ်ကြောင်း၊ လူငယ်ဆိုသည်မှာ တိုင်းပြည်၏အနာဂတ်ဖြစ်သည့်အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ကြောင်း၊ ထူချွန်ထက်မြက်သည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းများဖြစ်လာစေရန် လေ့လာလိုက်စားသင့်သည့် စာပေဗဟုသုတများကိုလည်း ဖတ်ရှုရန်လိုကြောင်းစသည်ဖြင့် ဟောပြောဆွေးနွေး ခဲ့ပါသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုတများ ရရှိစေရန်အတွက် နံရံကပ်စာစောင်များဖြစ်သည့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ လူကုန်ကူးမှုအန္တရာယ်အကြောင်း၊ အမျိုးသမီးအကြမ်းဖက်မှု တိုက်ဖျက်ရေးအကြောင်း စသည်တို့ကိုပြသခဲ့ပြီး စာအုပ်၊ စာစောင်များကိုလည်း ခင်းကျင်းပြသခဲ့ရာ ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)