လွိုင်လင် အောက်တိုဘာ ၁၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံးနှင့် အခြေခံပညာဦးစီးဌာန၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
ရှေးဦးစွာ လူငယ်စကားဝိုင်းကို Grade 8 ကျောင်းသူကလေးများက မြန်မာ့ကျောင်းသီချင်း သီဆို၍အခမ်းအနားဖွင့်လှစ်ပေးပြီး လွိုင်လင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်က အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက လူငယ်ကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ လူငယ်စကားဝိုင်းမှ အသိဉာဏ်ပညာ၊ ဗဟုသုတများပိုမိုရရှိစေရေး၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လိမ္မာပါးနပ်စွာ ပြောဆိုဆက်ဆံတတ်စေရေး၊ တစ်ဦးနှင့်တစ်ဦးအသိပညာ အတွေ့အကြုံဖလှယ် ဆွေးနွေးခြင်းဖြင့် အတွေ့အကြုံအသစ်များရရှိစေရေး၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ခင်မှုများတိုးပွားလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ဖြစ်လာကြစေရန် ရည်ရွယ်ပါကြောင်း ပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းရွှေရွှေလွင် ထံအားကစားပစ္စည်းများ ပေးအပ်ပါသည်။ ဆက်လက်၍ လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် စကားဝိုင်းကို ကျင်းပရာ ဦးဆောင်ဆွေးနွေးမည့် Grade 11မှ ကျောင်းသားကျောင်းသူလေးများ ဖြစ်ကြသည့် မောင်အောင်ကောင်းပြည့်က လူငယ်ဆိုတာခေါင်းစဥ်ဖြင့်လည်းကောင်း၊ မနှင်းနန္ဒီလှိုင်က အားကစားဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်သည့် ကောင်းကျိုးဆိုးကျိုးများ၊ မအေးချမ်းသူက ယှဥ်ပြိုင်အားကစားနှင့်ရိုး ရာအားကစားခေါင်းစဥ်ဖြင့်လည်းကောင်း၊ မောင်ဝေယံလင်းက အားကစားသမားနှင့် မူးယစ်ဆေးဝါးခေါင်းစဥ်ဖြင့်လည်းကောင်း၊ မောင်နေမင်းအောင်က အားကစားနှင့် လွဲမှားသောအယူအဆများခေါင်းစဥ်ဖြင့်လည်းကောင်း၊ နော်ငဲငယ်စိုးက လူငယ်နှင့်ကျန်းမာရေးခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြသည်။ ဆက်လက်၍ လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများမှ သိရှိလိုသည်များကို မေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ပြီးနောက် Grade – 8 ကျောင်းသား/ သူလေးများက တို့ကျောင်းတော်သီချင်းသီဆို၍ လူငယ်စကားဝိုင်းကို အောင်မြင်စွာ ရုတ်သိမ်းလိုက်သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသ ထားသည့် အသိပညာပေးနံရံကပ်စာစောင်ဓာတ်ပုံများကို ကြည့်ရှုကြသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ ၊ ကျောင်းဆရာ/မများ ကျောင်းသား/သူ များ စုစုပေါင်း ၂၀၀ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။
လွိုင်လင်မိုး(ခရိုင်ပြန်/ဆက်)