မြောက်ဥက္ကလာပ အောက်တိုဘာ ၂၀
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မြန်ဆန်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများ နေအိမ်ပြင်ပမှ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask များ မပျက်မကွက်တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များကို လိုက်နာကြရန် တာဝန်ရှိသူများက အသိပေးပြီးဖြစ်ရာ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ဌာန ဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် လူအများသွားလာသည့် နေရာများတွင် Mask မတပ်ဆင်သူများကို ဒဏ်ငွေ ပေးဆောင်စေခြင်းနှင့် mask campaign များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယုကြည်ကြည် ဦးဆောင်သော အဖွဲ့မှ (ဌ)ရပ်ကွက်တွင် Mask မတပ်ဆင်သူ (၂၇)ဦးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးချစ်ဦးမောင် ဦးဆောင်သောအဖွဲ့မှ ရွှေပေါက်ကံမြို့သစ်ရပ်ကွက်၌ Mask မတပ်ဆင်သူ(၁၅)ဦး စုစုပေါင်း(၄၂)ဦးကို ဒဏ်ငွေ (၂၀၀)ကျပ် ပေးဆောင်စေပြီး Mask နှာခေါင်းစည်း (၁) ခု ပြန်လည်ပေးအပ်ခြင်းနှင့် mask campaign ပြုလုပ်ခြင်းများကို မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)