နမ့်ခမ်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပညာရေးဌာနနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

နမ့်ခမ် အောက်တိုဘာ  ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့ညနေ (၂)နာရီအချိန်က ပညာရေးဌာနမှ အမှတ်(၃)  အခြေခံပညာအထက်တန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပကာ စာပေအကြောင်းများကို ဆွေးနွေးခြင်းများနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းတို့ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာပေဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအကြောင်းနှင့် စာပေဖတ်ရှုလေ့လာခြင်း၏ အကျိုးများ အကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထက်မြက်သူက စာပေဖတ်ရှုရာ၌မှ မိမိလိုလားသည့် အကြောင်းအရာများကို မြန်မြန်ဆန်ဆန် ရှာဖွေဖတ်ရှုနိုင်ရန် စာကြည့်တိုက်အတွင်းရှိ ပညာရပ်စာအုပ်အညွန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဒို့ကျေးရွာဂျာနယ်မှ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားထားသော “အလှကိုယ်စီနှင့် အတွေးအမြင်” ဆောင်းပါးပါ အကြောင်းအရာများကို ဖတ်ကြားပေးခြင်း၊ ဆွေးနွေးပေးခြင်းတို့ ဆောင်ရွက်ခြင်းဖြင့် စာပေပါအကြောင်းအရာများကို တစ်ဦးမှ အများသို့ ဝေမျှပေးခြင်း၊ စာပေအကြောင်းအရာများနှင့် သိရှိချင်သော အကြောင်းအရာများကို မိတ်ဆက်ခြင်း၊ မေးမြန်းခြင်းများပြောကြားကာ မြို့နယ်ဦးစီးမှူးနှင့် ဒုတိယဦးစီးမှူးတို့မှ ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသော မေးမြန်းချက်များကို ဖြေကြားပြီး စာပေအကြောင်းများကို အပြန်အလှန် ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်တို့ကို  ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

စာအုပ်စာစောင်များ ဖတ်ရှုလေ့လာရန် အစပျိုးပေးသော စိတ်ဓာတ်ရရှိစေခြင်း၊ စာပေဖတ်ရှုခြင်းမှ အသိပညာဗဟုသုတများ တိုးပွားလာစေခြင်း၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးမှုရရှိစေခြင်း၊ လူငယ်များမှ လူအများရှေ့တွင် ပြောရဲဆိုရဲပြောတက်ဆိုတက်သော အလေ့အကျင့်ကောင်းများရရှိစေခြင်း စသည့် အကျိုးကျေးဇူးများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် နံရံကပ်စာစောင်များပြသခြင်းများဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

နမ့်ခမ်း(ပြန်/ဆက်)