ရန်ကုန် အောက်တိုဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက တိရစ္ဆာန်များထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရန်ရည်ရွယ်၍ မွေးမြူသူတောင်သူများအား သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောခြင်း၊ နွားများကို ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် တိရစ္ဆာန်သုံးဆေးဝါးများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာတွင် ဆောင်ရွက်သည်။
ဟောပြောပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဦးစီးမှူး ဒေါက်တာအောင်မြင့်ဟန်က မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ သို့ဖြစ်ပါ၍ တိရစ္ဆာန်များအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆာင်ရွက်ရမည့် နည်းလမ်းများအကြောင်းကို ဟောပြောသည်။
ယင်းနောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယတိုင်းဦးစီးမှူး ဒေါက်တာမင်းညွန့်ဦးက သဘာဝဘေးအန္တရာယ်ကျရောက်နေစဉ် ဆောင်ရွက်ရမည့် အချက်များအကြောင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်ပြီးပါက ပြန်လည်ထူထောင်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရမည့်အကြောင်းနှင့် ယခုလိုထူးခြားသည့် ရာသီဥတုဖြစ်စဉ်များကို သတင်းမီဒီယာများမှ မိုးလေဝသအခြေအနေများကို အချိန်နှင့်မပြတ်လေ့လာပြီး လိုက်နာဆောင်ရွက်ကြရန် စသည်တို့ဟောပြောပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မှော်ဘီမြို့နယ်၊ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာတင်တင်အေးက သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာများနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းများကို ဟောပြောသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်သူများကသိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက မေးခွန်းများ၏ကဏအလိုက် အသီးသီးပြန်လည်ဖြေကြားပြီး မွေးမြူသူတောင်သူများကို ခြံဖျန်းပိုးသတ်ဆေးနှင့် အနာလိမ်းဆေးများကို ပေးအပ်သည်။
ဆက်လက်၍ ကျေးရွာအတွင်းရှိ နွားများကို ဖြစ်ပေါ်လေ့ရှိသည့် ရောဂါများမှကာကွယ်နိုင်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မှော်ဘီမြို့နယ်၊ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာတင်တင်အေးနှင့် ဝန်ထမ်းများက နွားကောင်ရေ (၁၆၀)အား လည်ချောင်းကွဲရောဂါ ကြိုတင်ကာကွယ်ဆေးများကို စနစ္တက်ကွင်းဆင်းထိုးနှံပေးနေသည်များကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဦးစီးမှူး ဒေါက်တာအောင်မြင့်ဟန်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)