ချီဖွေ အောက်တိုဘာ ၁၀
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကို ယနေ့ နံနက်(၁၁)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဂွါဇာလေးက ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းသား/သူများ အား ကာယဥာဏ ဘက်စုံဖွံ့ဖြိုးတိုးတက် စေရန်၊ စိတ်ဓာတ်ရေးရာများ တိုးတက်ကောင်းမွန်စေပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်၊ အများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်၊ ကျောင်းသားသူးများ အချင်းချင်း တစ်ဦးနှင့် တစ်ဦး အမြင်ဖလှယ်နိုင်အောင် ယခုလို ဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ဆွေးနွေးဟောပြောပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လင်းထူးက ကလေးသူငယ်အခွင့်အရေးနှင့် သက်ငယ် မုဒိမ်း မဖြစ်ပွားရေးအကြောင်းတို့ကိုလည်းကောင်း အသီးသီးအသိပညာပေး ဟောပြောခဲ့သည်။
ယင်းနောက် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ဥက္ကပ်ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား/သူ (၁၀) ဦးတို့က နွေရာသီကျောင်းပိတ်ရက်၊ ကျွန်ုပ်၏ အကြောင်း၊ ကျွန်ုပ်၏ ဝါသနာ၊ ကျွန်ုပ်အချစ်ဆုံး တိရစ္ဆာန်၊ ကျွန်ုပ်တို့၏ မြို့၊ ကျွန်ုပ်အနှစ်သက်ဆုံး ပွဲတော်၊ ကျွန်ုပ်၏ ကျောင်း၊ ကျွန်ုပ်၏ အချစ်ဆုံးသူငယ်ချင်း စသည့် ခေါင်းစဉ် (၈)ခုအား မဲနှိုက်စနစ်ဖြင့် ကျရာခေါင်းစဉ်အား တစ်ဦးချင်းပါဝင် ယှဉ်ပြိုင်ခဲ့ရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသည့် ကျောင်းသား/သူတို့အား ဦးစီးအရာရှိ ဦးဂွါဇာလေးက ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲနှင့် ကျပန်းစကားပြော ပြိုင်ပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လင်းထူး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဂွါဇာလေးနှင့် ကျောင်းဆရာ/မများ ကျောင်းသား၊ ကျောင်းသူ(၄၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ယော်ကိ (ပြန်/ဆက်)