ပုဏ္ဏားကျွန်း အောက်တိုဘာ ၁၀
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ သီတင်းကျွတ်ကာလတွင် ဆီမီးဖောင်လှည့်လည် ပူဇော်ခဲ့တဲ့ဓလေ့ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်ရည်ရွယ်၍ ပုဏ္ဏားကျွန်းမြို့နယ် လူငယ်များ အစည်းအရုံးမှဦးစီးပြီး ဆီမီးဖောင်အလှပြိုင်ပွဲတစ်ခု ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆီမီးဖောင်အလှပြိုင်ပွဲကို လာမည့်သီတင်းကျွတ်လပြည့်နေ့မတိုင်မီ ၁၃၈၅ ခု၊ သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့ညနေပိုင်းတွင် ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ ဆီမီးဖောင်များဖြင့် စတင်ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ် လူငယ်များအစည်းအရုံးဥက္က မမြတ်သန္တာလှိုင်က အသိပေးကြော်ညာထားသည်။
“ကျမတို့မြို့မှာဆိုရင် အရင်ကတည်းကပင် သီတင်းကျွတ်ကာလတွင် လူငယ်ပိုင်း၊ လူတတ်ပိုင်းတွေက ဆီမီးဖောင်တွေပြုလုပ်ပြီး ဆီမီးဖောင်လှည့်လည်ပူဇော်တဲ့ ရိုးရာဓလေ့ကို ထိန်းသိမ်းစောင့်ရှောက်အနေဖြင့် လူငယ်တွေပျော်ပျော်ရွှင်ရွှင်ဖြစ်အောင် ပြုလုပ်တာဟု” မမြတ်သန္တာလှိုင်က ပြောသည်။
ထိုသို့ လာရောက်ယှဉ်ပြိုင်ကြသည့် ဆီမီးဖောင်များကို ပုဏ္ဏားကျွန်းမြို့နယ် လူငယ်များ အစည်းအရုံး Facebook Page တွင်လွှင့်တင်ပြီး Like နှင့် Share အများဆုံးရရှိသည့်အဖွဲ့ကို ပထမ၊ ဒုတိယနှင့် တတိယဆုဟူ၍ ချီးမြှင့်ပေးသွားမည်ပြီး၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်(အောက်တိုဘာလ ၃၀) ရက်နေ့တွင် အဆိုပါဆီမီးဖောင်များကို ဖယောင်းတိုင်မီးများဖြင့် ထွန်းညှိပူဇော်၍ မြို့တစ်တပတ်လှည့်လည်ကာ ရွာဟောင်းရပ်ကွက် သင်္ဘောဆိပ်မှတစ်ဆင့် ကင်းချောင်းမြစ်ထဲတွင် ဆီမီးဖောင်ရေမျှောပူဇော်ပွဲကို ပျော်ပျော်ပါးပါးဖြင့် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)