ဥတ္တရသီရိ အောက်တိုဘာ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ တောင်သူအသိပညာပေးစင်တာ၌ ယမန်နေ့မွန်းလွဲပိုင်းက အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ထိခိုက်ပျက်စီး ဆုံးရှုံးမှုလျော့နည်းရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် နေပြည်တော် ဒုတိယတိုင်းဦးစီးမှူး ဦးစိုးနိုင်က အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ၊ အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် စိုက်ပျိုးထုတ်လုပ်မှုအပေါ် ထိခိုက်လာနိုင်သည့် အခြေအနေများ၊ တောင်သူများအနေဖြင့် ပျက်စီးဆုံးရှုံးမှုလျော့နည်းစေရေးအတွက် ကြိုတင်သတိပြု ပြင်ဆင်ရမည့်အချက်များနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံ ဦးမျိုးနိုင်မှ ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းနည်းနှင့် တောင်သူများ ကြိုတင်ပြင်ဆင်ရန် အချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တိုင်းမျိုးစေ့တာဝန်ခံမှ သီးနှံအလိုက်ရာသီဥတုဒဏ်ခံနိုင်ရည်ရှိပြီး အထွက်နှုန်းကောင်းမွန်ရေး၊ ဒေသနှင့်ကိုက်ညီသော သက်လျင်မျိုးများအသုံးပြုရန်၊ တောင်သူများက အရံမျိုးများ ထားရှိကြရန် ပြောကြားခဲ့သည်။
ယင်းနောက် တိုင်း/ခရိုင်မြေ၊ မျိုး၊ ပိုးတာဝန်ခံများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနများမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးခဲ့ကြသည်။
အဆိုပါနည်းပညာပေး ဆွေးနွေးပွဲသို့ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးများ၊ မြို့နယ်ဆည်မြောင်းဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မောင်းရမ်းကျေးရွာမှတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)