မိုးမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်များ၌ နေ့စဉ်ကြပ်မတ်ဆောင်ရွက်

မိုးမောက်   အောက်တိုဘာ  ၂၀

ကချင်ပြည်နယ်  ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ် များတွင် စက်တင်ဘာလ ၂၆ ရက်နေ့မှစ၍  နေ့စဉ် နံနက် (၆) နာရီမှ ညနေ (၆) နာရီအထိ မြို့နယ် တာဝန်ရှိသူများက ကြီးကြပ်၍ ကြပ်မတ်စစ်ဆေးလျက်ရှိသည်။

ထိုသို့စစ်ဆေးရာတွင် မိုးမောက်မြို့၀င် မံပုံကျေးရွာစစ်ဆေးရေးဂိတ်နှင့် မြို့ဝင်/မြို့ထွက် ကျောက်စခန်းစစ်ဆေးရေး ဂိတ်တို့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များနှင့်ရပ်ကွက်အုပ်ချုပ်ရေးများ ပူးပေါင်းပါဝင်သော အဖွဲ့များသည် မိုးမောက်မြို့သို့ အခြားဒေသများမှ လာရောက် ကြသူများ၊ ခရီးသွားများနှင့်မော်တော်ယာဉ်များအား ခရီးသွားရာဇဝင်စစ်ဆေးခြင်း နှင့်မှတ်တမ်း များကောက်ယူခြင်း၊ သက်ဆိုင်ရာ ထောက်ခံချက်များ တောင်းယူစစ်ဆေးခြင်းနှင့်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ဆောင်ရွက်မှုအပေါ် နေ့စဉ်စစ်ဆေးကြပ်မတ်ရန် မြို့နယ်  ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား အဖွဲ့ခွဲ၍ သတ်မှတ်ရက်များအတိုင်း နေ့စဉ်ကြပ်မတ် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လွန်းနန်းထွေး (ပြန်/ဆက်)