ထန်းတပင်(ရန်ကုန်) အောက်တိုဘာ ၁၀
ကျောင်းသား၊ ကျောင်းသူများအား မျိုးချစ်စိတ်ဓါတ်များရှင်သန်ထက်မြတ်စေရေး၊ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ ကျန်းမာကြံ့ခိုင်စေရေးနှင့် အသိပညာများတိုးပွားစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် အ.ထ.က(ထန်းတပင်)အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ရတနာခန်းမတွင် လူငယ်ရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့၊ နံနက်ပိုင်းကကျင်းပသည်။
အသိပညာပေး ဟောပြောပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းသင်းအေးတို့က အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးခင်စိုးနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်လဲ့လဲ့အေးတို့က ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် စိတ်ကိုပြောင်းလဲစေတက်သောဆေးဝါးများသုံးစွဲခြင်း၏ ဘေးအန္တရာယ်များ၊ လူကုန်ကူးမှုလျော့နည်းပပျောက်ရေး ကိစ္စရပ်များနှင့်မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဘေးအန္တရာယ်ဖြစ်ပွားမှုများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောသည်။
ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိဒေါ်စုစုကျော်မှ သက်ငယ်မုဒိမ်းမှုများမှ ကာကွယ်စောင့်ရှောက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များကလည်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များ ကြည့်ရှုလေ့လာခဲ့ကြကာ သုတ၊ ရသစာအုပ်စာစောင်များကိုလည်း ဖတ်ရှုလေ့လာခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)