ဖားကန့် အောက်တိုဘာ ၂၀
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်နိုင်ငံရေးပါတီများအနေဖြင့် လှည့်လည်မဲဆွယ်စည်းရုံးခြင်း၊ ပြင်ပနေရာများနှင့် အဆောက်အဦ များတွင် မဲဆွယ်စည်းရုံးခြင်း၊ အိမ်တိုင်ရာရောက် မဲဆွယ်စည်းရုံးခြင်း လုပ်ငန်းများအား ယာယီရပ်ဆိုင်းသွားရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ယနေ့ အောက်တိုဘာ ၂၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။
ဖားကန့်မြို့နယ်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု တိုးလာနေသည့်အတွက် Stay at Home မြို့နယ်အဖြစ် အောက်တိုဘာလ ၂၀ ရက်နေ့မှ စတင်နေထိုင်သွားရန် ကြေညာအပြီး ယနေ့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက တစ်သီးပုဂ္ဂလနှင့် နိုင်ငံရေးပါတီများအနေဖြင့် Stay at Home သတ်မှတ်သည့်ကာလအတွင်း မဲဆွယ်စည်းရုံးခြင်း လုပ်ငန်းစဉ်အချို့ကို ကန့်သတ်ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲအရာရှိ ဦးအောင်ကျော်သူကပြောသည်။
မဲဆွယ်စည်းရုံးခွင့်လုပ်ငန်းစဉ်အချို့ကိုကန့်သတ်ထားသော်လည်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအတွက် တာဝန် ထမ်းဆောင်ကြမည့် မဲရုံမှူး၊ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအတွက် ရွေးကောက်ပွဲဆိုင်ရာ(ဆင့်ပွား) သင်တန်းများကိုမူ ရက်ရွေ့ဆိုင်းသွားရန်မရှိဘဲ သတ်မှတ် ထားသည့် အောက်တိုဘာ ၂၄၊ ၂၅ နှင့် ၂၆ ရက်နေ့တို့တွင် ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ အရာရှိထံမှ သိရသည်။
ဖားကန့်မြို့နယ်တွင် ယနေ့ အောက်တိုဘာ ၂၀ ရက်နေ့တွင် ကိုဗစ်-၁၉ ပိုးတွေ့သူ ၂၄ ဦးထပ်တိုးသည့်အတွက် စက်တင်ဘာ ၉ ရက်နေ့မှ ပိုးစတင်တွေ့ခဲ့ပြီးနောက် ယနေ့အထိ စုစုပေါင်း ပိုးတွေ့သူ ၈၁ ဦးထိရှိလာခဲ့ပြီး ဆေးရုံဆင်းခွင့်ရသူ ၅၂ ဦးနှင့် ပြည်သူ့ဆေးရုံနှင့် သီတဂူစက္ခု ဆေးရုံတို့တွင် ၂၉ ဦး ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)