သီပေါ အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် အမျိုးသမီးအသင်း(Women Club) တို့ ပူးပေါင်း၍ စာပေဝါသနာရှင်များ စာပေအသိအမြင်ဗဟုသုတများ ဆွေးနွေးဖလှယ်နိုင်စေရန်နှင့် စာပေဖတ်ရှု သည့်အလေ့အကျင့်ကောင်းများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၉)နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင် ဦးစိုင်းဆိုင်လောဝ်၊ ဦးမျိုးပိုင်သက်၊ အမျိုးသမီးအသင်း(Women Club)အဖွဲ့ဝင် ဒေါ်မြပွင့်ဖြူ၊ ဒေါ်လင်းလင်းထွန်း၊ ဒေါ်အိအိမျိုး၊ ဒေါ်နန်းသိင်္ဂီစိုးနှင့် ဒေါ်နန်းသိန်းဟန်တို့က စာရေးဆရာကျော်ဝင်း၏ “နှစ်ဆယ့်တစ်ရာစု သားရွှေဥ” စာအုပ်ပါအကြောင်းအရာများနှင့်ပတ်သက်၍ ၄င်းတို့၏ အတွေး၊ အသိ၊ အမြင်များကို အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဖွဲ့စည်းထားသော Club အသင်းအဖွဲ့များဖြင့်လည်းကောင်း၊ စာပေဝါသနာရှင်များဖြင့်လည်းကောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် လစဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)